ပင်လည်ဘူး ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉လူနာများအား ကုသဆောင်ရွက်ရာတွင် အောက်ဆီဂျင်များ အလွယ်တကူရရှိ အသုံးပြုနိုင်ရေးအတွက် အောက်ဆီဂျင် ထုတ်လုပ်မည့်စက်(၁)လုံး ဝယ်ယူတပ်ဆင် တည်ဆောက်ရန်အတွက် ဇူလိုင် ၂၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ပရဟိတအသင်းများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိန်သောင်းက လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉လူနာများအား ကုသဆောင်ရွက်ရာတွင် အောက်ဆီဂျင် အသုံးပြုနိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ လူနာများအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်ကို မိမိတို့ဒေသတွင် အလွယ်တကူရရှိဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်မိရပ်ဖများက မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ လူနာများ အတွက် အောက်ဆီဂျင်စက်မှာ အမှန်တကယ်လိုအပ်လျက်ရှိပါကြောင်း၊ အောက်ဆီဂျင် ထုတ်လုပ်မည့် စက်မှာ အနည်းဆုံး ငွေကျပ်သိန်း ၆၀၀ ကျော် ကုန်ကျမည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်စက် ဝယ်ယူ တပ်ဆင်နိုင်ရေးတွင် အားလုံးအတူတကွ ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြား ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အောက်ဆီဂျင်ထုတ်လုပ်မည့်စက်အား အမြန်ဆုံး ဝယ်ယူ တပ်ဆင်တည်ဆောက်နိုင်ရေးနှင့်ပတ်သက်၍ လိုအပ်ချက်များအား ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


