ပင်လည်ဘူး ၉ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်မှ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု(၁)စုလျင် ဆန်(၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်(၁) ပိဿာ ထောက်ပံ့ပေးနိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ၅၄ အုပ်စုရှိ ကျေးရွာများမှ အခြေခံလူတန်းစားများ အိမ်ထောင်စု စာရင်းကို မြို့နယ်သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များ ပူးပေါင်း၍ စာရင်းများကို ဧပြီ လဆန်းပိုင်းမှ စတင်ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးစစ်ဆေး ဆောင်ရွက်မှုများကို မြို့ပေါ်တွင်သာမက ကျေးရွာများအရောက် ကျန်းမာရေးစစ်ဆေးမှုများ၊ အသိပညာပေး နှိုးဆော်ဆောင်ရွက်မှုများ၊ လက်ကမ်းများ ဖြန့်ဝေမှုများ၊ ဆေးဖျန်းဆောင်ရွက်မှုများ စသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကူးစက်ပြန့်ပွားမှုမရှိစေရေး လုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


