ပင်လည်ဘူး  ၁၉  ဇန်နဝါရီ  

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာပြည်သူများနှင့်အခြေခံပညာ ကျောင်းများရှိ ကျောင်းသားကျောင်းသူများအား ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီ အချိန်တွင် ပင်လည်ဘူးမြို့ အခြေခံပညာ အထက်တန်းကျောင်း ဦးအောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်တို့က အမှာစကားပြောကြားပြီးနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်ဦးက  နိုင်ငံသားလုပ်ငန်းဆိုင်ရာများ ပတ်သက်၍ ပင်လည်ဘူးမြို့နယ်အတွင်း ၂ဝ၁၈-၂၀၁၉ ခုနှစ် သစ္စာစီမံချက်ကာလတွင် ကျေးရွာအုပ်စု (၃) အုပ်စု လူဦးရေ ၄၅၁ ဦးနှင့် အခြေခံပညာ ကျောင်းပေါင်း၂၀ မှ လူဦးရေ ၁၈၂၄ ဦး စုစုပေါင်းနိုင်ငံသား စိစစ်ရေးကတ်ပြား ၂၂၇၅ ဦး ထုတ်ပေး နိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခြေခံပညာ ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးမှုကြောင့် အလွယ်တကူရရှိကြသော်လည်း ပြည်သူတစ်ဦးချင်း အနေဖြင့် မရှိမဖြစ် လိုအပ်သည့် ကတ်ပြားဖြစ်သည့်အတွက် စနစ်တကျ တန်းဖိုးထား ကိုင်တွယ်ထိန်းသိမ်းရန် လိုအပ်ကြောင်းနှင့်ကွင်းဆင်း ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ခြင်းဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ၊ မွေးတိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက် အောင်မြင်နိုင်ကြောင်း ပြောကြားသည်။

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ တာဝန်ရှိသူများက သစ္စာစီမံချက်ဖြင့် မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၂၇၅ ကတ်ကို ရပ်ကွက်၊ ကျေးရွာပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား ပေးအပ်ကာ မြို့နယ်ပညာရေးမှူး (ငြိမ်း)ဒေါ်သန်းနုက ကျောင်းသား ကျောင်းသူများနှင့်ကျေးရွာများမှ ပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။ 

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)

 

111 DSC06732