ပင်လည်ဘူး ၉ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ် ၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်ခိုင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းနိုင်က စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေး သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ တောင်သူများ ရာသီအလိုက်သီးနှံများ စိုက်ပျိုးရာတွင် သီးနှံအထွက် နှုန်းလျော့နည်းကျဆင်းမှုမဖြစ်စေရန်၊ သီးနှံများကို သိပ္ပံနည်းကျကျ စိုက်တတ်ပြီး အထွက်နှုန်းတိုးတက်ရရှိလာစေရန်၊ ကြိုတင်ကာကွယ်ရမည့် ပိုးမွှားရောဂါကာကွယ်နည်းစနစ်များနှင့် ပိုးသတ်ဆေးများ ကိုင်တွယ်အသုံးပြုရာတွင် အန္တရာယ်မဖြစ်အောင် ရှောင်ကြဉ် သတိပြုရမည့်အချက်များ သီးနှံများအထွက် တိုးပွားစေရန် မျိုးကောင်း မျိုးသန့် မျိုးစေ့ကိုရွေးချယ်စိုက်ပျိုးသွားရန်၊ ဓာတ်မြေသြဇာကို အချိုးညီညီ အကျိုးရှိရှိ သုံးစွဲတတ်စေရန်နှင့် ဓာတ်မြေသြဇာ သုံးစွဲမှုလျော့ချပြီး သဘာဝမြေသြဇာကို အဓိကသုံးစွဲလာတတ်စေရန်၊ရိတ်သိမ်းချိန်လွန် နည်းပညာများကို သိရှိလိုက်နာ ဆောင်ရွက်လာတတ် စေရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းနိုင်၊ ဦးစီးမှူး ဦးမြင့်သန်းထူးနှင့်ရုံးမှ တာဝန် ရှိသူများက စပါးစိုက်ပျိုးနည်းစနစ်၊ ပဲပုပ်စိုက်ပျိုးနည်းစနစ်၊ Bokashi မြေဆွေးပြုလုပ်နည်း၊ နေကြာစိုက်ပျိုးနည်းစနစ်၊ မျိုးစေ့ထုတ်နည်းပညာနှင့်ဘက်စုံသီးနှံကာကွယ်နည်း ဆိုင်ရာများအား စာတွေ့ လက်တွေ့ ပြသ သင်ကြား ပို့ချခဲ့ရာ သင်တန်းသို့ ကျေးရွာများမှ တောင်သူ ၃၀ ဦး တက်ရောက်ပြီး သင်တန်းကို ရက်တို မတ်လ ၈ ရက်နေ့ တစ်ရက်ပြီး ဖွင့်လှစ် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


