ပင်လည်ဘူး ၃၀ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် သီးထပ်သီးညှပ် စိုက်နည်းစနစ် ကွင်းသရုပ်ပြပွဲကို ယမန်နေ့က တုံးဖလားကျေးရွာ တောင်သူ ဦးသိန်းအောင်နှင့် ဦးအောင်ရွှေ လယ်မြေ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သီးထပ်သီးညှပ် စိုက်နည်းစနစ် ကွင်းသရုပ်ပြပွဲတွင် တောင်သူများအား သီးထပ်အဖြစ် ပဲပုပ်သီးနှံကို ခုတ်ဖုံး စိုက်နည်းစနစ်နှင့် ဆူးထိုးစိုက်နည်းစနစ်တို့ဖြင့် လက်တွေ့ပြုလုပ် စိုက်ပျိုးပြသပြီး တောင်သူများအား သီးထပ်သီးနှံ စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားကာ ကျေးရွာတောင်သူများအား ဟင်းစားသီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ပင်လည်ဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်မောင်၊ ဦးလှမြင့်အောင် စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးဦးဝင်းလှိုင်ဦး၊ ကသာခရိုင်ဦးစီးမှူး ဦးဖုန်းမောင်၊ စိုက်ပျိုးရေး သိပ္ပံညွှန်မှူး ဦးဖဲဆောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးနေဝင်းနိုင်နှင့် ဝန်ထမ်းများ တုံးဖလားကျေးရွာမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ပင်လည်ဘူးမြို့နယ်တွင် မိုးစပါးအပြီး သီးထပ်သီညှပ်အဖြင့် ပဲပုပ် ဧက ၂၀ ၊ နေကြာ ၁၆၆၀ ဧက၊ နှမ်းကြီး ၄၈၅၇ ဧက၊ ပန်းနှမ်း ၆၅၀၈ ဧက၊ မြေပဲ ၃၆၂၀ ဧကစိုက်ပျိုးထားရှိပြီး နွေစပါးကို ၄၅၀ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက် ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးလွင်(ပင်လည်ဘူး)