ပင်လည်ဘူး ၂၉ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ကွမ်းတောင်းကျေးရွာ၌ ဧပြီ ၂၉ ရက် နံနက် ၄ နာရီခန့်တွင် ပေါ့ဆမီးကြောင့် လူနေအိမ်တစ်လုံးမီးလောင်ပြီး လူနှစ်ဦး သေဆုံးကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုဖြစ်စဉ်တွင် အဆိုပါအိမ်တွင် အမျိုးသမီးလေးဦးသာရှိပြီး နံနက် ၄ နာရီခန့်တွင် အိမ်အောက် မီးဖိုဆောင် မီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်။
မီးလောင်ကျွမ်းမှုအား မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးမှူး ဦးမျိုးနေတိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ပြီး ကျေးရွာပြည်သူများနှင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ နံနက် ၅ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် အိမ်ရှင် ဒေါ်မြရင် အသက် ၆၅နှစ်၊ သမီး မဇင်မာဝင်း အသက် ၂၇ နှစ်တို့ နှစ်ဦးမှာ မီးထဲပါသွားပြီး မီးလောင်ကျွမ်းပြီး သေဆုံးသွားကြောင်း၊ မဝင်းအေးနှင့် မမေဇင်ဝင်းတို့ နှစ်ဦးမှာ မီးလောင်နေစဉ် အိမ်ပေါ်ကခုန်ချ လွှတ်မြောက်ခဲ့ကြောင်း၊ မဝင်းအေးနှင့်မမေဇင်ဝင်းတို့နှစ်ဦးမှာ မီးလောင်ရာမှ လွှတ်မြောက်ခဲ့သော်လည်း မီးလောင်ဒဏ်ရာနှင့် ထိခိုက်မှုများရရှိကာ ပင်လည်ဘူးမြို့နယ် ပြည်သူဆေးရုံ၌ ဆေးကုသမှုများ ခံယူနေကြောင်း သိရသည်။
ပေါ့ဆမီးလောင်မှုကြောင့် ကွမ်းတောင်းကျေးရွာ ဒေါ်မြရင်အိမ် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး နှစ်ထပ်အိမ် တစ်လုံးပျက်စီးဆုံးရှုံးပြီး အိမ်ရှင် ဒေါ်မြရင်နှင့်သမီး မဇင်မာဝင်းတို့နှစ်ဦးမှာ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
မျိုးလွင် (ပင်လည်ဘူး)