ပင်လည်ဘူး ၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် မန္တံကျေးရွာတွင် အိမ်တွင်းလုပ်ငန်းသုံး အသုံးအဆောင် ပစ္စည်းဖြစ်သည့် ဆန်ကောဆန်ကာများ ရက်လုပ်ခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး မိသားစုအပိုဝင်ငွေများရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဆန်ကော ဆန်ကာရက်လုပ် နေသူများထံမှ သိရသည်။
မန္တံကျေးရွာတွင် ဆန်ကောနှင့်ဆန်ကာကို အများဆုံးရက်လုပ်ကြပြီး ဆန်ကောဆန်ကာရက်လုပ်ခြင်း လုပ်ငန်းကို ရှေးယခင်ကတည်းက တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသာဖြစ်ကြောင်း၊ ဆန်ကော ဆန်ကာများ ရက်လုပ်ရာတွင် တင်းဝါးနှင့် ကြိမ်တို့ကိုအသုံးပြုကာ ဆန်ကော၊ ဆန်ကာအစိတ်နှင့် ဆန်ကာအကြဲ သုံးမျိုးရက်လုပ်ကြောင်း၊ ဆန်ကောနှင့်ဆန်ကာ တစ်ချပ်လျှင် ငွေကျပ် ၁၇၀ဝ မှ ၂၀ဝ၀အထိ ရောင်းကြရကြောင်း၊ ဆန်ကော ဆန်ကာများကို ရာသီ သီးနှံလုပ်ငန်းပေါ်ချိန်များတွင် အများဆုံးရောင်းကြရကြောင်း၊ ဆန်ကောနှင့်ဆန်ကာအပြင် မှိုရှာ၊ မျှစ်ချိုး၊ ဟင်းရှာများသွားရာတွင် အသုံးပြုသည့် တင်ချောင်ပလိုင်းများလည်း ရက်လုပ်လျက်ရှိပြီး မိသားစုအပိုဝင်ငွေများရရှိကာ တစ်ပိုင်တစ်နိုင် ဆန်ကော ဆန်ကာနှင့် တင်ချောင်ပလိုင်းရက်လုပ်သူများ အဆင်ပြေလျက်ရှိကြောင်း မန္တံကျေးရွာမှ ဆန်ကောဆန်ကာ ရက်လုပ်နေသူ ဒေါ်ကြည်ဝင်းထံမှ သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


