ပင်လည်ဘူး ၃ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် မြသန္တာကျေးရွာ၌ အမျိုးသား လျှပ်စစ်ဓာတ်အား မီးရရှိရေး စီမံကိန်းဖြင့် ၂၄ နာရီ ကျေးရွာလျှပ်စစ်မီးရရှိရေး လုပ်ငန်းပြီးစီးပြီဖြစ်သဖြင့် မီးဖွင့်ပွဲအား အောက်တိုဘာ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အဆိုပါကျေးရွာရှိ လျှပ်စစ်မီး ထရန်စဖော်မာရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးရွာလျှပ်စစ်မီးအား မြသန္တာကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးဝိစာရ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးခိုင်လင်းနိုင်၊ မြို့နယ်လျှပ်စစ်မှူး ဦးစန်းအောင်၊ ကျေးရွာမီးလင်းရေးတာဝန်ခံ ဦးအောင်ဝင်းစိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယပိုင်းအခမ်းအနားကို ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးခိုင်လင်းနိုင်တို့က မီးဖွင့်ပွဲနှင့်ပတ်သက်၍ အမှာစကား ပြောကြားပေးကာ မြို့နယ်လျှပ်စစ်မှူး ဦးစန်းအောင်က လျှပ်စစ်မီးသုံးစွဲရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရန် ဆောင်ရန်များကို ပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ဆရာတော်ဦးဝိစာရက ကျေးဇူးတင်ဝမ်းသာစကား ချီးမြှင့်မိန့်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် အိမ်ခြေ ၅၉ အိမ်ရှိပြီး ကျေးရွာပြည်သူများ လျှပ်စစ်မီးကို အကျိုးရှိစွာ အသုံးပြုနိုင်ပြီဖြစ်ကာ ပင်လည်ဘူးမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအရ ၂၄ နာရီ ကျေးရွာလျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို ကျေးရွာ ၁၉ ရွာတွင် ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၇ ရွာမြောက် ကျေးရွာလျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


