ပင်လည်ဘူး ၂၁  အောက်တိုဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်  ပင်လည်ဘူးမြို့၌ မြို့နယ်လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးဌာနမှ  အမျိုးသား လျှပ်စစ် (NEP-1) စီမံကိန်းဖြင့် ၂၀၁၉ခုနှစ်တွင် ကျေးရွာပေါင်း ၁၉ ရွာတွင် ၂၄ နာရီကျေးရွာ လျှပ်စစ်မီး ရရှိရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ကြိုးကြာဝင်းကျေးရွာ၌ အမျိုးသားလျှပ်စစ်(NEP-1) စီမံကိန်းလုပ်ငန်းပြီးစီပြီဖြစ်၍ ၂၄ နာရီ ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီအချိန်တွင် အဆိုပါကျေးရွာ လျှပ်စစ်မီး ထရန်စဖော်မာရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ကျေးရွာလျှပ်စစ်မီးအား တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးခိုင်လင်းနိုင်၊ မြို့နယ်လျှပ်စစ်မှူး ဦးစန်းအောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးဦးမြစိန်၊ ကျေးရွာမီးလင်းရေးကော်မတီ ဦးမြင့်ကြိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးခိုင်လင်းနိုင်တို့က ၂၄ နာရီ ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲနှင့်ပတ်သက်၍ အမှာစကားပြောကြားပေးကာ မြို့နယ်လျှစ်စစ်မှူးဦးစန်းအောင်က ၂၄ နာရီ ကျေးရွာလျှပ်စစ်မီး ရရှိပြီဖြစ်သဖြင့် လျှပ်စစ်မီးကို အကျိုးရှိစွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ လျှပ်စစ်မီးအသုံးပြုရာတွင် သတိပြု လိုက်နာရမည့်အချက်များ၊ ဆောင်ရန် ရှောင်ရန်များအား အသိပညာပေးရှင်းလင်းပြောကြား ခဲ့သည်။

 

ပင်လည်ဘူးမြို့နယ်တွင် ကျေးရွာပေါင်း ၂၆၆ရွာရှိရာ ကျေးရွာပေါင်း ၇၃ ရွာတွင် ၂၄ နာရီ လျှပ်စစ်မီးလင်းပြီဖြစ် ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)