ပင်လည်ဘူး   ၂၆   မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် မိုးစပါးအပြင် နွေစပါးနှင့်အခြားသီးနှံများ စိုက်ပျိုးရန် လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများဆောင်ရွက်ထားရှိပြီး ယခုနှစ်တွင် လျှပ်စစ်မြစ်ရေတင်များဖြင့် နွေစပါးများကို ဧက ၁၀ဝ ကျော်စိုက်ပျိုးထားရှိရာ နွေစပါးစိုက်ခင်းများ ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

စပါးသီးနှံစိုက်ခင်းများသို့ ရေများပေးဝေထားရှိသည့် လျှပ်စစ်မြစ်ရေတင်များမှာ မြို့မလျှပ်စစ်မြစ်ရေတင်၊ ပင်းကြိုင်း လျှပ်စစ်မြစ်ရေတင်၊ ယင်းသာ လျှပ်စစ်မြစ်ရေတင် မြစ်ရေတင်(၃)ခုဖြင့် ရေများပေးဝေထားရှိကြောင်း၊ စိုက်ခင်းများမှ လျှပ်စစ်မြစ်ရေတင်  ရေခွန်ပေးဆောင်ခမှာ နွေစပါးစိုက်ခင်း  လယ်တစ်ဧကကို ၉၀ဝ၀ ကျပ်၊ မိုးစပါးစိုက်ခင်း လယ်တစ်ဧကကို ၆၀ဝ၀ကျပ်နှင့် အခြား သီးနှံ တစ်ဧကကို ၃၀ဝ၀ ကျပ် နှုန်း ကောက်ခံကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ပင်လည်ဘူးမြို့နယ်လျှပ်စစ်မြစ်ရေတင်စခန်းများမှ သိရှိရသည်။

 

ပင်လည်ဘူးမြို့နယ်တွင် စပါးကို မိုးရာသီတွင် အဓိကထား စိုက်ပျိုးကြပြီး နွေစပါးကိုတော့ လျှပ်စစ်မြစ်ရေတင်ရေ ရရှိသည့် လယ်ဧကများသာ စိုက်ပျိုးကြပြီး၊ စပါးမျိုးကိုတော့ ဆင်းဧကရီ-၃ မျိုးစပါးကိုပဲ အများဆုံး စိုက်ပျိုးကြကြောင်း၊ လျှပ်စစ်မြစ်ရေတင်နဲ့ စပါးအပြင် နေကြာ၊ နှမ်းနှင့် မတ်ပဲများလည်း စိုက်ပျိုးကြကြောင်း၊ ယခုအခါ လျှပ်စစ်မြစ်ရေတင်ဖြင့် စောစောစိုက်ပျိုးထားရှိသည့် နွေစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ စပါးအထွက်နှုန်းမှာလည်း တစ်ဧကကိုတင်း ၉၀ ခန့် ထွက်ရှိကြောင်း နွေစပါးစိုက်တောင်သူများထံမှ သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)