ပင်လည်ဘူး၊ ၁၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ်အတွင်းရှိ မူးမြစ်ဖျားကမ်းပါးအနီး တစ်လျှောက်၌ နေထိုင်ကြသည့် ကျေးရွာများသည် နှစ်စဉ် မိုးရာသီကာလ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ကာ မူးမြစ်ကမ်းပါးရေတိုက်စားမှုများ နှစ်စဉ်နှစ်တိုင်း ဖြစ်နေခြင်းကြောင့် နေအိမ်များ ရေတိုက်စားမှု အန္တရာယ်မှ ကာကွယ်နိုင်ရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ကျောက်စီမြေထိန်းနံရံ တည်ဆောက်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောက်စီမြေထိန်းနံရံ တည်ဆောက်မှုကို တင်ဒါစနစ်ဖြင့် လေလံအောင်မြင်ခဲ့သည့် သန်းကုဋေကျော်ကုမ္ပဏီက (၁၄၉)သန်းဖြင့် တာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး ယင်းကျောက်စီ မြေထိန်းနံရံမှာ ဆိပ်တော်ကြီးမူးမြစ်ကူးဆိပ် ယာဘက်တွင် အရှည်ပေ(၄၇၀)နှင့်၊ ဝဲဘက်၌ အရှည်ပေ (၃၅၀) ရှိပြီး အနံ ၁၀ ပေရှိ ကျောက်စီမြေထိန်းနံရံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောက်စီမြေထိန်းနံရံ စတင်တည်ဆောက်မည့်နေရာသို့ ဇန်နဝါရီ ၁၆ ရက်က ပင်လည်ဘူး မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ တိုင်းဒေသကြီးကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်း တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်အတူ လုပ်ငန်းကြိုတင်ပြင်ဆင်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုခဲ့ကြသည်။
လှိုင်ဘွား(ဗန်းမောက်)


