လွိုင်လင်၊   ၂၉   ဇန်နဝါရီ 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဝေးလံခေါင်ဖျားသော ကျေးရွာနေ ဒေသခံပြည်သူများ လျှပ်စစ်မီးရရှိစေရန် ရည်ရွယ်ကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အတွင်းရှိ လျှပ်စစ်မီးလင်းရန် အခက်အခဲရှိသော ကျေးရွာများအား ကျေးရွာမီးလင်းရေး လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှ စတင်၍ ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အတွင်း ကိုးနဝင်းစေတီတော်မြတ်ကြီး အနီးရှိ ဆဟောင်းကျေးရွာအုပ်စု နောင်ပန်ပိန်းကျေးရွာ၊ ဟဲနန်းကျေးရွာအုပ်စု၊ ကာဖီကျေးရွာနှင့် ကျူဗော်ကျေးရွာများတွင် ၁၁ ကေဗွီလိုင်း ၁ မိုင် ၁ ဖာလုံ၊ ၄၀ဝ ကေဗွီလိုင်း ၃ မိုင်နှင့် ၁၀ဝ ကေဗွီ ထရန်စဖော်မာ လေးလုံး သွယ်တန်းခြင်း လုပ်ငန်းများကို ရတနာမိုးထက်အောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရန်အတွက် လွိုင်လင်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ မေလတွင် လုပ်ငန်းများအားလုံး ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းများပြီးစီးသွားပါက အိမ်ခြေ ၁၃၅ အိမ်ရှိ လူဦးရေ ၇၆၀ အတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် လျှပ်စစ်မီး သုံးစွဲနိုင်မည် ဖြစ်သည့်အတွက် သစ်တောသစ်ပင်များပြုန်းတီးခြင်းတို့ လျော့ကျနိုင်မည်ဖြစ်ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)