လွိုင်လင် ၃ နိုဝင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရှိ ပင်လုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ ကျောင်းသား/ကျောင်းသူဟောင်းများ၏ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၁၀ နာရီက တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အာစရိယဂုဏံ အဟံဝန္ဒာမိ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်သည်။ ယင်းနောက် ဆီမီးထွန်းညှိ၍ အနန္တဂိုဏ်းဝင် ဆရာကြီး ဆရာမကြီးများအား ပူဇော်ကာ ဆရာကန်တော့ချိုးဖြင့် ကန်တော့ကြပြီး ဆက်လက်၍ ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန်တော့ပစ္စည်းများ ပေးအပ်ကြသည်။ ယင်းနောက် ပင်လုံတက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ နွယ်နွယ်ယဉ်နှင့် ပင်လုံတက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ စိုင်းအောင်ဆန်းတို့က ဆုံးမဩဝါဒစကား ပြောကြားသည်။
အဆိုပါ ဘာသာရပ်ပေါင်းစုံ ကျောင်းသား/ကျောင်းသူဟောင်းများ၏ ပထမအကြိမ် မြတ်ဆရာ ပူဇော်ပွဲသို့ ဖိတ်ကြားထားသော ဆရာကြီး/ဆရာမကြီးများအနက် (၄၇)ဦး တက်ရောက် အပူဇော် ခံခဲ့ကြောင်း သိရသည်။
မိုးလွင်ဦး(ပြန်/ဆက်၊ လွိုင်လင်)


