ပင်လည်ဘူး ဇူလိုင် ၁၇

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ ပိုနေသူမှ လိုနေသူသို့ အစီအစဉ်ဖြင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာလ တစ်နေ့လုပ်တစ်နေ့စား စားသောက်ရေး အခက်အခဲဖြစ်နေကြသော အိမ်ထောင်စု(၆၆)စုတို့အား ယနေ့နံနက် ၉ နာရီခွဲက "ကျွန်တော်များ ကမ်းလက်အလှူရှင်များအဖွဲ့" မှ စားသောက်စရာများ သွားရောက်ထောက်ပံ့ ပေးခဲ့ကြကြောင်း သိရသည်။

 

"ကျွန်တော်များ ကမ်းလက်အလှူရှင်များအဖွဲ့" မှ နာယက ဦးစိန်သောင်း၊ အသင်းဥက္ကဌ ဦးဇေယျာသော်၊ အတွင်းရေးမှူး ဦးဝင်းဇော်နှင့် ပရဟိတလူငယ်များအဖွဲ့တို့သည် အိမ်ထောင်စုတစ်စုအတွက် ဆန်(၆)ပြည်၊ ကြက်ဥ(၇)လုံး၊ ဆီ(၂၅)ကျပ်သား အိုင်အိုဒင်းဆားတစ်ထုပ်တို့အား ထောက်ပံ့ လှူဒါန်းပေးခဲ့ကြသည်။

 

"ကျွန်တော်တို့ ပင်လယ်ဘူးမြို့ပေါ်ရှိ ရပ်ကွက်များမှာ နေထိုင်ကြတဲ့ တစ်နေ့လုပ် တစ်နေ့စားရတဲ့ သူတွေဟာ ဒီကိုဗစ် တတိယလှိုင်းမှာ ပိုးကူးစက်မှုများလာတော့ အပြင်ထွက်ပြီး အလုပ်မလုပ်နိုင်ကြတော့ စားရေးသောက်ရေးတွေ အတော်ဒုက္ခရောက်ကြရတယ်ဗျ။ ဒါကြောင့်မို့ ကျွန်တော်တို့ "ကျွန်တော်များ ကမ်းလက်အဖွဲ့အလှူရှင်များ" က ပိုနေသူမှ လိုနေသူအစီအစဉ်နဲ့ ပိုနေသူအလှူရှင်များက လှူဒါန်းခဲ့တဲ့ငွေတွေနဲ့ အလှူရှင်ကိုယ်စား ကျွန်တော်တို့က လိုနေသူတွေကို ပြန်ပြီးထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ အခုဆိုရင် အိမ်ထောင်စု (၈၁) စုကို ထောက်ပံ့ပေးနိုင်ခဲ့ပါပြီ။ လှူဒါန်းချင်သူများရှိပါကလဲ ကျွန်တော်တို့အဖွဲ့ရဲ့ ဖုန်း ၀၉၇၇၇၉၂၅၇၇၈ ကို ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်ဗျ" ဟု ကျွန်တော်များ ကမ်းလက်အလှူရှင်အဖွဲ့ဥက္ကဌ ဦးဇေယျာသော်မှ ပြောသည်။

 

ယခုအခါတွင် ပင်လည်ဘူးမြို့ရှိ တစ်နေ့လုပ်တစ်နေ့စားများမှာ စားရေးသောက်ရေး အခက်အခဲများ ရှိလာကြသဖြင့် အကူအညီတောင်းခံသူများ များပြားလာနေသောကြောင့် “ကျွန်တော်များ ကမ်းလက်အလှူရှင်များအဖွဲ့” မှ အတတ်နိုင်ဆုံး အလှူရှင်များကိုယ်စား ကြိုးစားဆောင်ရွက် ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

လိူင်ဘွား(ဗန်းမောက်)