တီဟီရန် မေ ၁၇
ပင်လယ်ကွေ့ဒေသတွင် အီရန်နှင့်အမေရိကန်တို့ တင်းမာမှုများ မြင့်တက်နေချိန် အီရန်နိုင်ငံသည် အမေရိကန်နှင့်ဆွေးနွေး ညှိနှိုင်းမှုပြုလုပ်ရန် ငြင်းဆိုခဲ့သည်။ အမေရိကန်ဘက်မှ အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ပြီးနောက် အီရန်ဘက်မှ ထိန်းချုပ်နိုင်မှုကို ပြသနိုင်ခဲ့ကြောင်း အီရန်ဘက်မှ ပြောသည်။
အီရန်နိုင်ငံဘက်မှ လှေငယ်တစ်စင်းပေါ်သို့ ဒုံးကျည်များ တင်ဆောင်နေသည့် ဓာတ်ပုံကိုရရှိပြီးနောက် ကမ္ဘာပေါ်တွင် မဟာဗျူဟာအမြောက်ဆုံး ရေလမ်းကြောင်းဖြစ်သည့် ပင်လယ်ကွေ့ဒေသသို့ အမေရိကန်ဘက်မှ B-52 ဗုံးကြဲ လေယာဉ်များ တပ်ဖြန့်ချထားရန် စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် အရာရှိများက ပြောသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာအစ်ဖ်နှင့် ဂျပန်အာဏာပိုင်တို့ တွေ့ဆုံဆွေးနွေးကြစဉ် အမေရိကန်ဘက်မှ လုပ်ဆောင်မှုများမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးညှိနှိုင်းသွားဖွယ်ရာ မရှိကြောင်း၊ အမေရိကန်သမ္မတထရမ့်က ဘာကြောင့်ယုံကြည်မှုရှိနေသည်ကိုမူ မသိရကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များကို ပြောခဲ့သည်။
လွန်ခဲ့သောနှစ်က အီရန်နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန် တစ်ဖက်သတ်နုတ်ထွက်သွားခဲ့ပြီးနောက် အီရန်နိုင်ငံ၏ သည်းခံမှုစွမ်းအားကို ပြသနိုင်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း အမေရိကန်သမ္မတထရမ့်က အီရန်နိုင်ငံဘက်မှ မကြာမီအချိန်အတွင်း စေ့စပ်ညှိနှိုင်းမှု ပြုလုပ် လိမ့်မည်ဟု ခန့်မှန်းပြောကြားခဲ့သည်။
အီရန်နှင့် အဆက်အသွယ်ရှိသည့် ရှီးယိုက်စစ်သွေးကြွများ၏ အန္တရာယ်ကို စိုးရိမ်ရ၍ အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့မှ အမေရိကန်ဝန်ထမ်းများ ထွက်ခွာသွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားခဲ့သည်။ သမ္မတထရမ့်ကမူ မကြာမီ အီရန်ဘက်မှ ဆွေးနွေးညှိနှိုင်းရန် တောင်းဆိုလာလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အေအက်ဖ်ပီ