ပင်လယ်ကွေ့ဒေသအတွင်း တင်းမာမှုတွေရဲ့ တရားခံဘယ်သူလဲ

၃၁  ဇူလိုင်

မကြာသေးမီအချိန်အတွင်း အီရန်ရေနံတင်သင်္ဘောတစ်စင်းကို ဗြိတိန်က ဖမ်းဆီးလိုက်တဲ့ကိစ္စကို အီရန်က နျူကလီးယား သဘောတူစာချုပ်နဲ့ရောထွေးဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ ဗြိတိန်ရဲ့ ဖမ်းဆီးမှုဟာ နျူကလီးယား သဘောတူစာချုပ်ကို ဖောက်ဖျက်လိုက်ခြင်းဖြစ်ပြီး ဥပဒေနဲ့မညီဘူးလို့ အီရန်ဘက်က ပြောဆိုလာတာဖြစ်ပါတယ်။

ခလုတ်တံသင်း

ဒီလိုရောထွေးဆက်နွှယ်အောင်လုပ်ပြီးသကာလ အီရန်ဟာ ၂၀၁၅ ခုနှစ် သဘောတူညီမှုအရ ကတိပေးထားတဲ့ ငွေကြေးဆိုင်ရာအကျိုး အမြတ်တွေနဲ့ပတ်သက်ပြီး အခြေအနေကောင်းလာအောင် လုပ်ဖို့အတွက် ဥရောပနိုင်ငံတွေကို ဖိအားပေးဖို့ ကြိုးစားနေဟန်ရှိပါတယ်။ JCPOA သဘောတူစာချုပ်အရ အီရန်က ၎င်းရဲ့ရေနံတွေကို တင်ပို့ရောင်းချဖို့ ခေါင်းစဉ်တပ်လိုက်တဲ့ အချိန်ကစပြီး အီရန်ရဲ့ ရေနံတင်ပို့မှုလမ်းကြောင်းပေါ်မှာရှိနေတဲ့ ဘယ်လိုခလုတ်တံသင်း အဆီးအတားမျိုး ရှိလာသည်ဖြစ်စေ အဲဒီအရာက နျူကလီးယားသဘောတူစာချုပ်ကို ဖောက်ဖျက်တယ်လို့ အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရက်ချီက နျူကလီးယားသဘောတူ စာချုပ်ပါ အဖွဲ့ဝင်တွေနဲ့ ဗီယင်နာမှာ ပြုလုပ်ခဲ့တဲ့ အရေးပေါ်ဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

အပြန်အလှန်ဖမ်းဆီး

၂၀၁၅ နျူကလီးယားသဘောတူစာချုပ်ကနေ အမေရိကန်နုတ်ထွက်လိုက်တာ မနှစ်ကတည်းကပါ။ ဒါပေမယ့် အီရန်နဲ့ ဥရောပနိုင်ငံတွေကတော့ စာချုပ်ကို အဖတ်ဆယ်နိုင်ရေး ဆွေးနွေးနေကြတုန်းပါပဲ။ ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်လို့ဆိုပြီး ဗြိတိန်တပ်ဖွဲ့တွေဟာ အီရန်ရေနံတင်သင်္ဘောတစ်စင်းကို ဇူလိုင်လ အစောပိုင်းက ဂျီဘရော်လ်တာအနီးမှာ ဖမ်းဆီးထိန်း သိမ်းလိုက်ပါတယ်။

ဒီလိုဖြစ်ပြီး သိပ်မကြာလိုက်ခင်မှာပဲ အီရန်ကွန်မန်ဒိုတပ်ဖွဲ့ဟာ ဇူလိုင် ၁၉ ရက်မှာ ဗြိတိန် အလံလွှင့်ထားတဲ့ ရေနံတင် သင်္ဘောတစ်စင်းကို ဟော်မုဇ်ရေလက်ကြားအတွင်းမှာ ဥပဒေချိုးဖောက်တယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ဒါပေမယ့် သူလုပ်လို့ ကိုယ်ပြန်လုပ်တယ် ဆိုတာမျိုးတော့မဟုတ်ဘူးလို့ ငြင်းဆန်ပါတယ်။

ပြောင်မြောက်တဲ့ကမ်းလှမ်းချက်

အဲဒီနောက်မှာ အီရန်ဘက်က မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လို့ဆိုရမယ့် သိပ်ကိုပြောင်မြောက်တဲ့ ကမ်းလှမ်းချက်တစ်ခု လုပ်လာပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ နှစ်ဖက်စလုံးဟာ ဖမ်းဆီးထားတဲ့ သင်္ဘောတွေကို အပြန်အလှန် လွှတ်ပေးကြမယ်။ ပြီးရင်အီရန်ဘက်က ဆီးရီးယားကို ရေနံတင်ပို့မှု မလုပ်တော့ဘူးလို့ ကတိပေးမယ်ဆိုတာမျိုးပါ။ ဘာကြောင့်လဲဆိုတော့ အီရန်ရေနံတင်သင်္ဘောကို ဘယ်လိုဆက်လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်းပဲသွားမယ်လို့ ဗြိတိန်ဘက်က ပြောဆိုခဲ့လို့ပဲ ဖြစ်ပါတယ်။

သတိပေး

ပြီးတော့ ပါရှန်းပင်လယ်ကွေ့ဒေသအတွင်းမှာ ဥရောပဦးဆောင်တဲ့ ရေတပ်ဖွဲ့စေလွှတ်မယ်ဆိုတာနဲ့ ရေတပ်ဖွဲ့နဲ့အတူ ရေနံတင်သင်္ဘောတွေကို အတူလိုက်ပါစေမယ်ဆိုတဲ့ ဗြိတိန်ရဲ့ အစီအစဉ်ကိုလည်း အီရန်က သတိပေးထားပါတယ်။ အဲဒီနေရာမှာ အမေရိကန်ကလည်း ၎င်းရဲ့တပ်ဖွဲ့ဝင်တွေကို တိုးမြှင့်ချထားတာ မကြာသေးပါဘူး။ ပင်လယ်ကွေ့ ဒေသအတွင်းမှာ ပြည်ပတပ်ဖွဲ့ဝင်တွေချထားမှုက ဒေသတွင်းတင်းမာမှုကို ပေါက်ဖွားစေမယ့် အကြောင်းရင်းတစ်ခုလို့ တီဟီရန်မှာရှိတဲ့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီရန်သမ္မတ ဟက်ဆန်ရိုဟာနီဟာ ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ မစ္စတာဘောရစ်ဂျွန်ဆင်ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း စကားဆိုခဲ့ပြီး အီရန်နဲ့ဗြိတိန်ဆက်ဆံရေး ကိစ္စရပ်တွေအပေါ် မစ္စတာဂျွန်ဆင်ရဲ့ အကျွမ်းတဝင် ရှိမှုက နှစ်နိုင်ငံအကြားရင်းနှီးဆက်ဆံမှု ကျယ်ပြန့်အောင်ဆောင်ရွက်ရာမှာ ရှိနေတဲ့အခက် အခဲအဆီးအတားတွေကို ဖယ်ရှားဖို့ အထောက်အကူပြုလာလိမ့်မယ် လို့ဆိုခဲ့ပါတယ်။၂၀၁၇ ခုနှစ် တုန်းက မစ္စတာဂျွန်ဆင်ဟာ နိုင်ငံခြားရေးဝန်ကြီး အဖြစ်နဲ့ တီဟီရန်ကိုလာရောက်ခဲ့ဖူးပါတယ်။

ငွေကြေးစီးဆင်းမှုအရင်းအမြစ်

၂၀၁၅ သဘောတူစာချုပ်မှာ အီရန်က ၎င်းရဲ့ နျူကလီးယားအစီအစဉ်အပေါ် ထိန်းချုပ်ကန့်သတ်မှုကို လက်ခံဖို့ သဘောတူခဲ့ပြီး အဲဒီအတွက် အပြန်အလှန်အနေနဲ့ ၎င်းအပေါ် နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။ ဒီလိုရှိပေမယ့် အမေရိကန်က သဘောတူစာချုပ်ကနေ မနှစ်ကနုတ်ထွက်လိုက်ပြီး ထရမ့် အစိုးရအဖွဲ့ဟာ အီရန်ရဲ့ အဓိကဝင်ငွေရနေတဲ့ အရင်းအမြစ်ဖြစ်တဲ့ ရေနံတင်ပို့မှုကို ပိတ်ပင်ဖို့ ရည်ရွယ်တဲ့အနေနဲ့ ပိုမိုပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ယခုနှစ်မှာ လုပ်ဆောင်လာခဲ့ပါတယ်။

အသစ်ချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေဟာဆိုရင် အီရန်နှင့် စီးပွားဆက်ဆံတဲ့ တတိယနိုင်ငံတွေကိုပါ ထပ်လောင်းပိတ်ဆို့သွားမှာဖြစ်ပြီး ဥရောပနိုင်ငံတွေက အရေးယူပိတ်ဆို့မှုအသစ်တွေ ကနေရှောင်ကွင်းနိုင်ဖို့အတွက် ကုန်ချင်းဖလှယ်တဲ့ အလှည့်ကျကုန်သွယ်ရေးစင်္ကြံတစ်ခုထူထောင် ခြင်းအားဖြင့် အမေရိကန်နဲ့ ချိတ်ဆက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစနစ်ကို အီရန်ကျော်ဖြတ်နိုင်စေရေး ကြိုးပမ်းခဲ့ကြပါတယ်။

အရာမထင်

သို့သော်လည်း ဥရောပအာဏာပိုင်တွေက အဲဒီစနစ်လည်ပတ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ လများစွာကြာအောင် ပြောဆိုနေခဲ့ပေမယ့်လည်း ကြိုးပမ်းမှုတွေက ဘာမှအရာ မထင်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်း ပိတ်ဆို့မှုပြုလုပ်ဖို့မရှိတဲ့ အစားအသောက်၊ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေကိုသာ ကုန်သွယ်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီတော့ စာချုပ်လက်မှတ်ရေးထိုးရာမှာ ပါဝင်တဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တရုတ်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေကို ဖိအားပေးဖို့အတွက် အီရန်ဘက်က နောက်ထပ်တစ်မျိုး စောဒကတက်လာပါတယ်။ အဲဒါကတော့ အီရန်အနေနဲ့ စာချုပ်ပါစည်းကမ်းအရ ကတိပေးထားတဲ့အတိ်ုင်း လိုက်နာဆောင်ရွက်ခဲ့မှုကနေ ဘာအကျိုးကျေးဇူးမှ မရရှိတော့တဲ့အတွက် လိုက်နာနေလို့လဲအပိုပဲလို့ ယူဆတာကြောင့် စာချုပ်ပါကတိ ကဝတ်တွေကို ချိုးဖောက်တော့မယ်လို့ ဆိုလာခြင်းပါပဲ။

စာချုပ်ဖောက်ဖျက်မယ်

မကြာသေးခင်ကတင် စာချုပ်အရကန့်သတ်ထားတဲ့ ယူရေနီယံသန့်စင်ထုတ်လုပ်မှုပမာဏကို အီရန်က ကျော်လွန်ထုတ်လုပ်ခဲ့ပြီးပါပြီ။ ဇူလိုင် ၂၈ ရက်မှာတော့ အီရန်က နောက်ထပ်စာချုပ် ဖောက်ဖျက်မှုတစ်ခု ထပ်လုပ်ဦးမယ်လို့ ခြိမ်းခြောက်လာပြန်ပါတယ်။

တစ်ချိန်တည်းမှာပဲ ပင်လယ်ကွေ့ဒေသအတွင်းမှာ တင်းမာမှုဖြစ်စေတဲ့ အီရန်ရဲ့ နည်းပရိယာယ်တွေနဲ့ ရေနံတင်သင်္ဘောကို ဖမ်းဆီးလိုက်မှုတွေဟာ မျှော်မှန်းထားတာနဲ့ ဆန့်ကျင်နေတဲ့ အကျိုးရလဒ်တွေကိုသာ ဖြစ်စေခဲ့ပါတယ်။ ဥရောပနိုင်ငံတွေက အီရန်အနေနဲ့ တခြားနိုင်ငံတွေကို စာချုပ်အတိုင်းလိုက်နာစေချင်ရင် အီရန်ကိုယ်တိုင် စာချုပ်မှာရေးထားတဲ့ စည်းကမ်းနဲ့အညီ လိုက်နာဖို့ တစ်ခဲနက်သတိပေးနေကြပါတယ်။

ပိတ်ဆို့မှုတွေကန့်ကွက်

တကယ်တော့ ပင်လယ်ကွေ့ဒေသအတွင်းမှာ တင်းမာမှုတွေဖြစ်ပွားရတာ သေချာစေတဲ့ အကြောင်းကတော့ နျူကလီးယား သဘောတူစာချုပ်ကို အမေရိကန်ကစပြီး ဖောက်ဖျက်ခဲ့လို့ပဲလို့ နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ပါတယ်။ လတ်တလောမှာတော့ တင်းမာမှုတွေလျော့ကျစေဖို့ ဆွေးနွေးပွဲတွေကို ဗီယင်နာမှာ ကျင်းပလျက်ရှိပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး တူညီစွာဖော်ပြခဲ့တဲ့အချက်ကတော့ ၎င်းတို့ဟာ အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ တစ်ဖက်သတ် လုပ်ဆောင်နေတာကို ၎င်းတို့ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်တယ် ဆိုတာပါပဲ။ ။

ကလျာမိုးမြင့်

ကိုးကား-ဆင်ဟွာ