ရီယာ့ဒ် ၂၀ မေ
ဆော်ဒီအာရေဗျနိုင်ငံသည် ပင်လယ်ကွေ့ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့် အာရပ်သမဂ္ဂတို့ကို အစည်းအဝေး ခေါ်ယူခဲ့သည်။ ပင်လယ်ကွေ့ဒေသအတွင်း တင်းမာနေမှုများ ဖြေလျှော့နိုင်ရေး ဆွေးနွေးတိုင်ပင်ကြရန် ယခုလို ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ဆော်ဒီသတင်းအေဂျင်စီက စနေနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ဆော်ဒီဘုရင်သည် ပင်လယ်ကွေ့ခေါင်းဆောင်များနှင့် အာရပ်တိုင်းပြည်များကို ဖိတ်ခေါ်ခဲ့ပြီး မက္ကာ၌ မေ ၃၀ ရက်တွင် ထိပ်သီးအစည်းအဝေးပြုလုပ်ရန် စီစဉ်ခဲ့သည်ဟု ဆော်ဒီသတင်း အေဂျင်စီက ပြောသည်။ ဒေသတွင်း လတ်တလောဖြစ်ပေါ်နေသည့် ကျူးကျော်ရန်လိုမှုနှင့် နောက်ဆက်တွဲအကျိုးဆက်များကို ဆွေးနွေးကြရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ အီရန်၏ခြိမ်းခြောက်မှုကို ခံရသည်ဟုဆိုကာ အမေရိကန်ပြည်ထောင်စုမှ လေယာဉ်တင်သင်္ဘောနှင့် ဗုံးကြဲလေယာဉ်အုပ်စုကို စေလွှတ်ပြီးသည်။
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒယ်အယ်ဂျူဘီယာကမူ ဆော်ဒီနိုင်ငံသည် အီရန်နှင့်စစ်မက်ဖြစ်ပွားရန် အစီအစဉ်မရှိကြောင်း၊ သို့သော် ကိုယ့်တိုင်းပြည်အကျိုးစီးပွားကို ကာကွယ်ရန်မူ အဆင်သင့်ဖြစ်နေကြောင်း ပြောခဲ့သည်။ ဆော်ဒီသည် စစ်ကို မလိုလားသကဲ့သို့ ဖြစ်လာနိုင်သည့် အရာရာတိုင်းအတွက်လည်း ကာကွယ်မှုများ ပြုလုပ်ထားကြောင်း ၎င်းက ပြောသည်။
ယူအေအီးနိုင်ငံကလည်း ဆော်ဒီ၏ ဖိတ်ခေါ်မှုကို လက်ခံခဲ့သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ဆော်ဒီရေနံတင် သင်္ဘောနှစ်စင်းသည် ယူအေအီးရှိဆိပ်ကမ်းတွင် ဖျက်ဆီးခံခဲ့ရသည်။ ယင်းဖြစ်ရပ်သည် ယီမင်ဟူသီသူပုန်များက ဆော်ဒီ၏ အဓိကရေနံပိုက်လိုင်းကို ဒရုန်းဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် နောက်ဆက်တွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာက သံသယများ ရှိနေသော်လည်း အမေရိကန်ပြည်ထောင်စုကမူ အီရန်၏ ခြိမ်းခြောက်မှုများ တိုးပွားလာသည်ဟု ထောက်ပြခဲ့သည်။ အီရန်သည် အမေရိကန်နှင့် မဟာမိတ်များဖြစ်သည့် ဆော်ဒီအာရေဗျနှင့် အစ္စရေးနိ်ုင်ငံတို့၏ ဒေသတွင်းပြိုင်ဘက်လည်း ဖြစ်သည်။ ဒေသတွင်းလုံခြုံရေးကိစ္စများ တိုးမြှင့်ရန်အတွက်လည်း ဆော်ဒီအိမ်ရှေ့မင်းသားက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုနှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီက ပြောသည်။
အေအက်ဖ်ပီ