ရန်ကုန် ၁၇ ဇွန်
ရာမည ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်သည့် ပင်လယ်ကြီးက ဘာပြောလဲ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း အကြိုမိတ်ဆက်ပွဲကို ယနေ့ နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဇွန် ၂၂ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ အောင်သြဘာက ရိုက်ကူးထားခြင်းဖြစ်ပြီး အပန်းဖြေကမ်းခြေ ဟိုတယ်ကြီးတစ်ခုအတွင်း လာရောက်တည်းခိုကြရာမှ အတူဆုံတွေ့ကြပြီး မထင်မှတ်ဘဲ ရင်ခုန်စရာ အချစ်ဇာတ်လမ်းလေးများ ဖြစ်ပေါ်ခဲ့ပုံနှင့် ဟိုတယ်အတွင်း အဖြစ်အပျက်များ၊ ပင်လယ်ကြီးနှင့် ကမ်းခြေမှ အလှအပများကို ခံစားနိုင်စေရန် အဓိကအခြေခံကာ ရယ်ရွှင်ဖွယ် ရိုက်ကူးထားခြင်းဖြစ်သည်။
ယင်း ရုပ်ရှင်ဇာတ်ကားကို ခန့်စည်သူ၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ဖြိုးငွေစိုး၊ စိုးမြတ်သူဇာ၊ အိချောပို၊ သန္တာဗို၊ ရတနာဗိုတို့နှင့် အခြားသော အနုပညာရှင်များစွာဖြင့် ပုံဖော်ထားပြီး တမူထူးခြားစွာဖြင့် ပင်လယ်ကမ်းခြေ၌ ရိုက်ကူးထားသော ဟာသရုပ်ရှင်ဇာတ်ကားဖြစ်ကြောင်း သိရသည်။
ဇာတ်လမ်းအကျဉ်းအနေဖြင့် လူငယ်လုပ်ငန်းရှင် ဧကရာဇ်သည် လုပ်ငန်းတိုးချဲ့သည့်အနေဖြင့် ကမ်းခြေဟိုတယ်တစ်လုံးကို ဝယ်ယူခဲ့သည်။ ပိုင်ရှင်အသစ် မည်သူမှန်း မသိစေဘဲ ဖုံးကွယ်ထားကာ ဧည့်သည် တစ်ယောက်အနေဖြင့် ဟိုတယ်သို့သွားရောက်တည်းခိုနေခဲ့သည်။ တည်းခိုရင်းဖြင့် ဟိုတယ်ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အရည်အချင်း၊ ဧည်သည်များ၏ လိုအပ်ချက်၊ ဖြည့်ဆည်းပေးရမည့် တာဝန်များကို လေ့လာစုံစမ်းနေခဲ့ရာ ဟိုတယ်မန်နေဂျာ သွင်ဦးနှင့် ဧည့်ဆောင်၊ စားသောက်ဆောင်တာဝန်ခံ ပိုက်ထွေးတို့မှာ လုပ်ငန်းကျွမ်းကျင်ပြီး အလုပ်အပေါ် စေတနာထား ကြိုးစားသည်ကို တွေ့ခဲ့ရသည်။
သို့သော် မမျှော်လင့်ဘဲ ပြဿနာတစ်ရပ် ပေါ်ပေါက်လာသည်။ ဟိုတယ်အတွင်း၌ ခေါင်းပြတ်သရဲ တစ်ကောင်ပေါ်လာခြင်းဖြစ်ပြီး ဧည့်သည်များကို ခြောက်လှန့်ရုံမက စားသောက်ဖွယ်ရာများနှင့် ပစ္စည်းအချို့တို့ ပျောက်ဆုံးသွားခြင်းများ ဖြစ်ပေါ်ခြင်း၊ စိတ်ရောဂါဝေဒနာရှင် ကျောက်သူဋ္ဌေးလေး နွေကင်း၊ ဟိုတယ်တစ်လုံးဖွင့်နိုင်ရန် လာရောက်တည်းခို လေ့လာနေသူ ယမထာ၊ MTV ရိုက်ကူးရန်ရောက်ရှိလာသည့် ရက်ပါ အဆိုတော် အောင်ဘီ(အောင်B) နှင့် မော်ဒယ် ရွှေစင်၊ ရွှေစင်နှင့်အတူ ပါရှိလာသည့် ညီအစ်မဝမ်းကွဲတော်စပ်တူ သီသီနှင့် မိတ်ကပ် မာမီလျံ၊ နိုင်ငံခြားတွင် ပိုက်ဆံရှာပြီး လာရောက်အပန်းဖြေနေသူ ဝေလင်းနှင့် သိန်းသန်း၊ ဟိုတယ်လုံခြုံရေး ကိုတောက်၊ ဟိုတယ်လုံခြုံရေးကို ပေါင်းကာ ဟိုတယ်အတွင်း အကင်ဝင်ရောင်း လေ့ရှိသည့် စပ်စုစိန်တို့၏ ဟိုတယ်အတွင်း အဖြစ်အပျက်များ၊ ခေါင်းပြတ်သရဲ ခြောက်ခံရသည့် အဖြစ်အပျက်များ၊ တန်ဖိုးကြီးကျောက်တစ်လုံး အလိမ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်မှုများနှင့် မိမိချစ်နေသည့်သူထံမှ အချစ်ကိုရရှိရန်ကြိုးစားကြရာမှ ဖူးစာရှင်များနှင့် တွေ့ရှိကြပုံများကို အခြေခံကာ ပျော်ရွှင်ဖွယ်ဖြစ်အောင် ရိုက်ကူးထားသည့် ဇာတ်ကားကောင်းတစ်ကား ဖြစ်သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဇော်မင်းလတ်