ဟိုင်းကြီးကျွန်း ၁ စက်တင်ဘာ
နိုင်ငံတော်က ငါးသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်(Closed Seaeon ၊ Closed Area) များသတ်မှတ် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်အတွင်း ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိကို မြန်မာ့ပင်လယ်ပြင်၌ ငါးမဖမ်းရကာလအဖြစ်သတ်မှတ်ကာ ပင်လယ်ကမ်းဝေးငါးဖမ်းခွင့်အား သုံးလပိတ်ထားခဲ့ရာက ယခုလ ၁ ရက်နေ့မှစ၍ ဟိုင်းကြီးကျွန်းမြို့အပါအဝင် တစ်နိုင်ငံလုံးရှိ ကမ်းဝေးငါးဖမ်းလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခွင့် ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် ကမ်းဝေးငါးဖမ်းရေယာဉ် ၈၆ စီးရှိသည့်အနက် စက်တင်ဘာလ ၁ ရက် နေ့တွင် အစီး ၄၀ ကျော် ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာသွားကြပြီဖြစ်ကြောင်း မြို့ငါးလုပ်ငန်းဦးစီးဌာနက သိရှိရသည်။ ကျန်ငါးဖမ်းရေယာဉ်များမှာလည်း ပင်လယ်ပြင်သို့ အချိန်မီငါးဖမ်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ငါးဖမ်းခွင့် ပြန်လည်ခွင့်ပြုပေးလိုက်ပြီဖြစ်၍ ဟိုင်းကြီးကျွန်းဒေသ၏ ငါးဖမ်းလုပ်ငန်းခွင်သို့ အနယ်အနယ်အရပ်ရပ်မှ ရေလုပ်သားများ ပြန်လည်ဝင်ရောက်လာကြခြင်းကြောင့် ဒေသတွင်း ဝင်ငွေလည်ပတ် စီးဆင်းမှုတိုးတက်လာပြီး ကား/ဆိုင်ကယ်တက္ကဆီမောင်းသည့်လုပ်ငန်းများ၊ ဈေးဆိုင်ဖွင့်လှစ် ရောင်းချသည့်လုပ်ငန်းများ ရေလုပ်ငန်းနှင့် ဆက်စပ်သည့် အခြားလုပ်ငန်းများ တိုးတက်ကောင်းမွန်လာကာ အဓိကစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သော ကမ်းဝေးငါးဖမ်း လုပ်ငန်းမှာ ယနေမှစ၍ အသက်ဝင်လှုပ်ရှားလာခဲ့ပြီဖြစ်သည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)


