ရန်ကုန် ၁၃  ဇူလိုင်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ဝင်ရောက်ဆိုက်ကပ်မည့် ပင်လယ်ကူး သင်္ဘောကြီးများအား ရေစူး မီတာပိုမိုတိုးမြှင့် သတ်မှတ်ပေးထားကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ သိရသည်။

 

ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်မည့် သင်္ဘောကြီးများအား ယခင်က ရေစူး ၉ မီတာ အနက်ရှိသော သင်္ဘောကြီးများကိုသာ ခွင့်ပြုပေးခဲ့သော်လည်း ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ အပြင်ပိုင်း သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်မည့် သင်္ဘောများအား ရေစူး ၉ ဒသမ ၅ မီတာအထိ လည်းကောင်း၊ အတွင်းပိုင်း ရန်ကုန်ဆိပ်ကမ်းများတွင် ဆိုက်ကပ်မည့် သင်္ဘောများအား ရေစူး ၉ ဒသမ ၃ မီတာအထိ လည်းကောင်း ပိုမိုတိုးမြှင်သတ်မှတ်ပေးထားကြောင်း သိရသည်။ 

 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏တာဝန်သည် ရေယာဉ်ကြီးများ ဆိပ်ကမ်းနယ်နမိတ်အတွင်း ဝင်ရောက်သည့်အခါ ရေကြောင်းအန္တရာယ် ကင်းရှင်းစွာ ဝင်ရောက်ဆိုက်ကပ်နိုင်ရေးအတွက် ဝန်ဆောင်မှုပေးသော ဌာနကြီးဖြစ်ရာ ရေလမ်းကြောင်းကောင်းမွန်စေရေးအတွက် ထိန်းသိမ်းသည့် သောင်တူးဖော်ခြင်းနှင့် အကြီးစားသောင်တူးဖော် ခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

မြန်မာဆိပ်ကမ်း အာဏာပိုင် လေ့လာရေးအဖွဲ့မှ နှစ်ပတ်လျင်တစ်ကြိမ် အတွင်းစည်းခုံကို လည်းကောင်း၊ တစ်လ တစ်ကြိမ် အပြင်စည်းခုံကိုလည်းကောင်း ပုံမှန်တိုင်းတာပြီး ရေစူးကျလာပါက သောင်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ပြည်တွင်းသောင်တူး သင်္ဘောများအနေဖြင့် တစ်ခေါက်လျင် တန် တစ်ထောင်ခန့်သာ တူးဖော်နိုင်ပြီး လက်ရှိငှားရမ်း လုပ်ကိုင်နေသော STARHIGH ASIA PACIFIC PTE LTD မှ သောင်တူးသင်္ဘောမှာ တန် ၅၀၀၀ အထိ တူးဖော်နိုင်ကြောင်း သိရသည်။

 

ပင်လယ်ကူးကုန်တင်သင်္ဘောကြီးများအနေဖြင့် ရေစူးတစ်စင်တီမီတာပိုမိုရရှိသည်နှင့်အမျှ အချို့ သင်္ဘောများသည် ကုန်တန်ချိန် ၂၉ တန်ပိုမို၍လည်းကောင်း၊ အချို့သင်္ဘောများသည် တန် ၅၀ ပိုမို၍လည်းကောင်း တင်ဆောင်နိုင်ပြီး ကုန်တန်ချိန်ပိုမိုတင်ဆောင်နိုင်သည့်နှင့်အမျှ နိုင်ငံတော်အနေဖြင့် ဆိပ်ကမ်းအခွန်အခများ ပိုမိုရရှိနိုင်ကြောင်း သိရသည်။ STARHIGH ASIA PACIFIC PTE LTD အနေဖြင့် ၂၀၁၈ ခုနှစ်မှ ၅ နှစ်စီမံကိန်းဖြင့် အကြီးစား သောင်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်