mdn

ငပလီ   အောက်တိုဘာ   ၆

ပင်လယ်လိပ်ဥမျာ းစားသုံးခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကျိန္တလီမြို့ ငါးလုပ်ငန်းဦးစီးဌာနနှင့် လိပ်ထိန်းသိမ်းရေးအဖွဲ့(kisca)တို့ ပူးပေါင်း၍ ပင်လယ်လိပ်ဥများ တွေ့ရှိသည့် ဂျိုင်ကြီးကျေးရွာသို့ အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပင်လယ်လိပ်များမျိုးတုန်းမှုမှ ကာကွယ်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်ရာတွင် ရခိုင်ကမ်းရိုးတန်းဒေသသို့ ပင်လယ်လိပ်ကြီးများ လာရောက်ဥချနှုန်းမှာ ၂၀၁၉ ခုနှစ်တွင် လိပ်အကောင်ရေ များပြားစွာ တွေရှိရသော်လည်း ယခုနှစ်ပိုင်းတွင် လိပ်အကောင်ရေ တစ်နှစ်ထက်တစ်နှစ် လာရောက်ဥချနှုန်း လျော့နည်းလာသည်ကို လိပ်ထိန်းသိမ်းရေးအဖွဲ့ (kisca)၏ လေ့လာဆန်းစစ်ချက်အရ သိရသည်။ 

ပင်လယ်လိပ်ကြီးများ မျိုးတုန်းခြင်းမှ ကာကွယ်နိုင်ရေးအတွက် လိပ်သောင်ခုံဧရိယာဇုန် သုံးဇုန် သတ်မှတ်ထားပြီး ၎င်းဇုန်အတွင်းရှိ ဒေသခံပြည်သူများအား လိပ်ဥများ တူးဖော်စားသုံးမှု မရှိစေရေး အသိပညာပေးခြင်း၊ ဆိုင်းဘုတ်စိုက်ထူပေးခြင်း၊ လက်ရှိပင်လယ်လိပ်ချခဲ့သည့် နေရာများအား ခြံစည်းရိုးများ ကာရန်ထားပြီး ဒေသခံပြည်သူများအား ပင်လယ်လိပ်မျိုးတုန်းခြင်းမှ ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ငါးလုပ်ငန်းဦးစီးဌာနနှင့် လိပ်ထိန်းသိမ်းရေး အဖွဲ့(kisca)တို့ ပူးပေါင်ဆောင်ရွက်ခဲ့သည်။

ပင်လယ်လိပ်မ တစ်ကောင်သည် ပုံမှန်အားဖြင့် တစ်နှစ်မှာ နှစ်ကြိမ်ဥချ လေ့ရှိပြီး တစ်ကြိမ် ဥချလျှင် ဥအလုံးရေ ၁၀၀ ကျော်အထိ ဥချနိုင်သလို ဥချပြီးအချိန်တွင်လည်း ကမ်းစပ်မှ ပင်လယ်ပြင် ပြန်ဆင်းချိန် သုံးနာရီခန့် ကြာမြင့်ကြောင်း သိရသည်။

ရန်ငြိမ်း