ကော့သောင်း ၆ မတ်
ကော့သောင်းမြို့နယ် အက်ဒမန်ပင်လယ်အတွင်းရှိ ညောင်ဦးဖီးကျွန်းနှင့် အနီးအနားကျွန်းများ တစ်ဝိုက် သဘာဝပင်လယ်သယံဇာတ စာရင်းဝင် ပင်လယ်လိပ်များ ပေါက်ပွားကြီးပြင်း တိုးပွားလာရေး ပင်လယ်လိပ် မျိုးစိတ်တစ်မျိုးဖြစ်သည့် Loggerhead လိပ်ခွေး အမျိုးအစားများအား TZK Hotel & Toursi Victoria Cliff Hotel & Resort က လွှတ်ကျောင်း မွေးမြူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်ဦးဖီးကျွန်းသည် ကော့သောင်းမြို့မှ ရေမိုင် ၃၀ ခန့်ကွာဝေးပြီး အက်ဒမန် ပင်လယ်အတွင်းရှိ သာယာလှပသော ကျွန်းငယ်လေးဖြစ်ကာ သဘာဝ ပတ်ဝန်းကျင် အနေအထားအရ ပင်လယ်လိပ်ကြီးများ ဥမွေးဖွား ကြီးပြင်းလေ့ရှိသည့် ဖြူလွှနူးညံ့သည့် သဲသောင်ပြင်တန်းများ ရှည်လျားများပြားစွာ တည်ရှိပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလျက်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်သည်။
အရှေ့တောင်အာရှတွင် ပင်လယ်လိပ်မျိုးစိတ် ငါးမျိုးရှိပြီး အဆိုပါမျိုးစိတ်များအားလုံးကို မြန်မာနိုင်ငံတွင် တွေ့ရှိရကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် ပင်လယ်လိပ်ကြီးမျိုး Loggerhead လိပ်ခွေး အမျိုးအစားများမှာ ရှားပါးမျိုးသုဉ်းလုနီးပါး ဖြစ်ပေါ်နေသဖြင့် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရခိုင်၊ တနင်္သာရီနှင့် ဧရာဝတီကမ်းရိုးတန်း တချို့ဒေသများတွင် လိပ်ထိန်းသိမ်းရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က ပြောကြားသည်။
အဆိုပါ ပင်လယ်လိပ်ကြီးမျိုး Loggerhead လိပ်ခွေးအမျိုးအစား သားပေါက်အကောင် ၂၀ ခန့် အားဟိုင်းကြီးကျွန်း ဒေသမှ သယ်ယူလာပြီး ကော့သောင်းခရိုင် ညောင်ဦးဖီးကျွန်း သဲသောင်ပြင်တွင် သဘာဝအတိုင်း အထူးစီမံ ပြုပြင်ဖန်တီးကာ အရွယ်ရောက်ချိန်အထိ ပြုစုထိန်းသိမ်းမွေးမြူထားပြီး ကြီးကောင်စတင် ဝင်ချိန်တွင် သဘာဝအတိုင်း နေထိုင်ကျက်စား ပေါက်ပွားရန် အက်ဒမန်ပင်လယ် အတွင်းသို့ လွှတ်ကျောင်းမွေးမြူသွားရန် စီစဉ်ထားကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


