ကော့သောင်း အောက်တိုဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျေးရွာအုပ်စု၊ ဇာဒက်ကြီးကျွန်း၊ တလွန်းဆလုံ တိုင်းရင်းသားကျေးရွာမှ ဆလုံတိုင်းရင်းသားများအား အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတောင်ဖက်စွန်း ပင်လယ်ကျွန်းတချို့သည် ပင်လယ်ပျော်လူသားမျိုးနွယ်စု မော်ကင်း (ခေါ်) ဆလုံလူမျိုးများ နေထိုင်ကျက်စားရာဒေသများဖြစ်ပြီး ရှားပါးလူသားမျိုးနွယ်စုလည်းဖြစ်သည့်အတွက် အဆိုပါ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရန် ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိအဖွဲ့အစည်းများ ပူးပေါင်းကာ ကာကွယ်ဆေး သွားရောက်ထိုးနှံပေးခြင်း ဖြစ်သည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဇာဒက်ကြီးကျွန်းပေါ်ရှိ တလွန်းဆလုံကျေးရွာမှ ဆလုံတိုင်းရင်းသားများ အပါအဝင် ကျေးရွာနေ ပြည်သူ ၃၃၀ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac အား ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ကော့သောင်းခရိုင် ကျွန်းများရှိ ကျေးရွာများမှ ကျေးလက်ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)