ရန်ကုန်၊ စက်တင်ဘာ ၂၈ 
ပင်လယ်ပြင်အတွင်း ၁၆ ရက်ခန့် မျောပါနေရာမှ ဗီယက်နမ်နိုင်ငံ အလံတင်သင်္ဘောက တွေ့ရှိကယ်ဆယ်ထားသော မြန်မာနိုင်ငံသား လှေလုပ်သား ၃ ဦးကို မြန်မာ့ရေပိုင်နက်အတွင်း ပင်လယ်ပြင်တွင် ပြန်လည်လက်ခံနိုင်ရေးအတွက် တပ်မတော်ရေနှင့် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဗီယက်နမ်နိုင်ငံ အလံတင် စားအုံးဆီတင်သင်္ဘော M.T PVT NEPTUNE သည် ထိုင်းနိုင်ငံ ဖူးခက် (Phuket) ဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ ဟာလ်ဒီးယာ (Haldia) ဆိပ်ကမ်းသို့ သွားရောက်စဉ် မြန်မာနိုင်ငံရေပိုင်နက် အထူးသီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း ကော့သောင်းမြို့ အနောက်ဘက် ရေမိုင် ၁၂၄ မိုင်ခန့် အကွာတွင် ဖော့ပြားများဖြင့် ပြုလုပ်ထားသော ဖောင်တစ်စီးပေါ်မှ မြန်မာနိုင်ငံသား လှေလုပ်သားသုံးဦးက အကူအညီတောင်းခံလျက်ရှိသည်ကို တွေ့ရှိ ရသဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက် မြန်မာစံတော်ချိန် ၁၁ နာရီ ၁၂ မိနစ်တွင် ကယ်ဆယ်ခဲ့ပြီး ရေယာဉ်ပေါ်တွင် ကျန်းမာရေးစစ်ဆေး၍ အစားအသောက်နှင့် အဝတ်အထည်များ ပေးအပ်ကာ စောင့်ရှောက်ထားခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ရေပြင်ပိုင်းဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ကွပ်ကဲမှုဌာနချုပ် (MRCC) များထံသို့ သတင်းပေးပို့ခဲ့သည်။
အဆိုပါ သတင်းအရ ကယ်ဆယ်ထားသူသုံးဦးနှင့် ပတ်သက်၍ စစ်ဆေးမှုပြုလုပ်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ MRCC က ဆက်သွယ် အကြောင်းကြားလာပါသဖြင့် အချိန်နှင့် တစ်ပြေးညီ M.T PVT NEPTUNE သင်္ဘောရေယာဉ်မှူးနှင့် ဆက်သွယ်မှုပြုလုပ်၍ လှေလုပ်သားများ၏ အချက်အလက်များကို တောင်းခံခြင်း၊ မြန်မာနိုင်ငံသား ဟုတ်/ မဟုတ် စိစစ်အတည်ပြုခြင်းများ ဆက်လက် ဆောင်ရွက်ခဲ့ရာ အထောက်အထားများအရ မြန်မာနိုင်ငံသားများဖြစ်သဖြင့် မြန်မာနိုင်ငံရေပိုင်နက်အတွင်း လက်ခံရယူရန် ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှ စစ်ရေယာဉ်တစ်စီး စေလွှတ်ကာ ဟိုင်းကြီးကျွန်းအနီး ရေပြင်တွင် စက်တင်ဘာ ၂၅ ရက် ည ၁၀ နာရီ မိနစ် ၅၀ တွင် စနစ်တကျ လွှဲပြောင်းလက်ခံရယူခဲ့သည်။
လှေလုပ်သား ၃ ဦးတို့မှာ လပွတ္တာမြို့၊ အောင်လှိုင်ရွာမှ ကျော်ကျော် (ခ) ကျော်ကြီး (၄၁) နှစ်၊ ဖြိုးဝေ (၂၈) နှစ်နှင့် ကျော်ပိုင်ဦး (၂၈) နှစ်တို့ ဖြစ်ကြပြီး ဟိုင်းကြီးကျွန်းရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုပေး၍ နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်