ရန်ကုန် ၁၄ မေ
ဇွန်လ(၁)ရက်သည် ပင်လယ်ပြင်ငါးဖမ်းရာသီ ပိတ်ချိန်ဖြစ်ရာ ပင်လယ်ပြင်ငါးဖမ်းဆီးမှု တားမြစ်ထားသည့် ဇွန်လမှသြဂုတ်ထိထိုသုံးလ၌ ပင်လယ်ပြင်ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပုံမှန်အားဖြင့် ယခုလနောက်ဆုံးပတ်မှသာ မြန်မာ့ပင်လယ်ပြင်မှ ငါးဖမ်းရေယာဉ်များ ကမ်းသို့ပြန်ဝင်ရောက်လေ့ရှိသော်လည်း လက်ရှိဖြစ်ပွားနေသည့် ကမ္ဘာ့ကပ်ရောဂါနှင့် ငါး၊ပုဇွန်ဈေးကွက် အခက်အခဲတို့ကြောင့် မေလဆန်းပိုင်းမှစကာ ပင်လယ်ပြင်မှ ငါးဖမ်းစက်လှေများ ဝင်ရောက်ကြလျှက်ရှိရာ ထိုရေလုပ်သားများ ပင်လယ်ပြင်ဘေးကင်းလုံခြုံရေး လက်တွေ့လုပ်ဆောင်နိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ သုံးလတွင် လစဉ်သင်တန်းများ ပို့ချနိုင်ရန်ကြိုတင် စီမံဆောင်ရွက်ထားခြင်းဖြစ်သည်။ “Close Season သုံးလမှာလူစုလူဝေးလည်း မဖြစ်အောင်တစ်ကြိမ်ကို လူဦးရေ (၂၀)နဲ့ ပင်လယ်ပြင်ဘေးကင်းလုံခြုံရေး သင်တန်းကို ပေးသွားမှာပါ။ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် တိုင်းရုံးမှာဖြစ်စေ၊ ဂျယ်တီတွေမှာဖြစ်စေ ပေါ့ပေါ့ပါးပါးနဲ့နေရာတစ်ခုမှာ ဖွင့်လှစ်ဖို့ပြင်ဆင်နေပါတယ်”ဟုရန် ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူးဒေါက်တာ ဒေါ်ယဉ်ယဉ်မိုးက ပြောသည်။
ယခင်က ရန်ကုန်ကြို့ကုန်းငါးသိပ္ပံတွင် လေ့ကျင်သင်ကြားပေးလေ့ရှိပြီး ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနဖြစ်စေ၊ ဂျယ်တီများတွင်ဖြစ်စေ သင်ကြားပေးမည်ဖြစ်ပြီး ပင်လယ်ပြင်တွင် ဘေးအန္တရာယ်ကြုံတွေ့ရပါ ကကာကွယ်ဆောင်ရွက်နိုင်ရန် တစ်ကြိမ်လျှင် သင်တန်းသား(၂၀)ဖြင့် နှစ်ရက် သင်ကြားပေးမည်ဖြစ်ကြောင်း၊ ငါးဖမ်းရာသီပိတ်ချိန်၌ ငါးဖမ်းသင်္ဘောများ ဒေါက်တင်ပြုပြင်ခြင်း၊ နေရပ်ဒေသသို့ပြန်၍ အနားယူခြင်းရှိ၍ ကိုဗစ်-၁၉ ရောဂါကြောင့် ရေလုပ်သားများ စိုးရိမ်မှုမရှိစေရန် သက်ဆိုင်ရာဒေသလိုက် ငါးဖမ်းသင်္ဘောမှ ပြန်လူသူဖြစ်ပြီးဖျားနာမှုမရှိကြောင်း ထောက်ခံမှုဖြင့် ဆောင်ရွက်ပေးထားကြောင်းနှင့် ပင်လယ်ပြင် ဘေးကင်းလုံခြုံရေးသင်တန်းကို ဇွန်လဆန်းပိုင်းတွင် ရေလုပ်သားများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်


