နေပြည်တော် ၅ ဇန်နဝါရီ

 

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ  ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း သိရသည်။

 

ထူးခြားသည့်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန်(၀၉:၃၀)နာရီ အချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “ပါဘက်”(Pabuk)သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ (Kawthaung) ၏အနောက်တောင်ဘက်(၆၅)မိုင်ခန့်၊ ကိုကိုးကျွန်းမြို့(Coco-Island)၏အရှေ့တောင်ဘက် မိုင်(၃၉၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့ (Port Blair)၏ အရှေ့တောင်ဘက် (၃၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင် ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

 

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ အမြင်တာ (၄)မိုင်၊ မိုးရွာစဉ်(၁)မိုင်ခန့်ရှိပြီး ရေပြင်လေ မှာ အရှေ့ (သို့)အရှေ့မြောက်၊ တစ်နာရီ ပင်လယ်မိုင် (၁၅-၂၀)မိုင်၊ ရံဖန်ရံခါ မိုင်(၄၀)ခန့် ရှိမည်။ လှိုင်းကြီးမည်။လှိုင်းအမြင့်မှာ (၈)ပေမှ (၁၀)ပေခန့်ရှိမည်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။အမြင်တာ  (၅)မိုင်ဖြစ်ပြီး ရေပြင်လေ မြောက်(သို့)အရှေ့မြောက်၊ တစ်နာရီ ပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)ခန့် ဖြစ်ပြီး  လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့် (၄)ပေမှ (၆)ပေခန့်ရှိမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားသည်။

 

MDN