ဟိုင်းကြီးကျွန်း  ၁   ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းဒေသရှိ ကမ်းဝေး ငါးဖမ်းရေယာဉ်များအားလုံး ယခုလ ၁ ရက် နေ့က စတင်ကာ ပင်လယ်ပြင် ငါးဖမ်းခွင့်ကို သုံးလတိတိ ပိတ်သိမ်းလိုက်ပြီဖြစ်၍ ကမ်းသို့ပြန်လည် ဝင်ရောက်နေပြီဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရှိရသည်။

           

ဟိုင်းကြီးကျွန်းဒေသတွင် ကမ်းဝေးငါးဖမ်းရေယာဉ် ၈၆ စီးရှိပြီး မေ ၂၉ ရက်ကစတင်က ပင်လယ်ပြင်မှ  တစ်စီးပြီးတစ်စီး ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။ မေ  ၃၁ရက် ညပိုင်းတွင် ရေယာဉ်များအားလုံး ကမ်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြပြီး ကမ်းနီးငါးဖမ်းရေယာဉ်များက ပုံမှန်အတိုင်း ငါးဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

           

“ယခင်နှစ်ကတည်းက ပင်လယ်ပြင်သုံးလ ပိတ်ခဲ့တာကို ကြုံတွေ့ခဲ့ရပြီးဖြစ်လို့ ယခုနှစ်မှာ ငါးဖမ်းဆီးရရှိမှု နည်းပြီး အရှုံးများတဲ့ကြားက ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ရေယာဉ်တွေကမ်းကို ပြန်ခေါ်ပြီးရင် လုပ်သားတွေကိုတော့ လုပ်ခလစာနဲ့ပတ်သက်လို့ စာရင်းရှင်းလင်းပြီးတာနဲ့ သက်ဆိုင်ရာ ဒေသတွေကို ပြန်လွှတ်မှာပါ။ သုံးလအတွင်းတော့ ငါးဖမ်းပိုက်ပြင်ဆင်ရေးနဲ့ ရေယာဉ်ပြင်ဆင်ရေးအတွက် ဒေသခံတချို့ကို အလုပ်ပေးထားမှာပါ” ဟု ဒေသခံရေလုပ်ငန်းရှင် တစ်ဦးကပြောသည်။

 

mdn

           

“ရပ်ကွက်အတွင်းက လမ်းတွေပေါ်မှာ နေရာအနှံ့ ရေလုပ်သားတွေကို တွေ့နေရပြီဆိုတော့ ဒါပင်လယ် ပိတ်လိုက်လို့ဆိုတာ ကျွန်တော်တို့ သိလိုက်ပါတယ် ပြီးခဲ့တဲ့နှစ်ကတော့ သုံးလလုံးလုံး အလုပ်အကိုင် ရှားနေတော့ ဒေသမှာ ကျပ်တည်းမှုတွေ ဖြစ်ခဲ့တာပါ ယခုနှစ်က ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါပိုးက ပြန့်နေတော့ တခြားနေရာကို အလုပ်သွားလုပ်လို့လည်း အဆင်မပြေပါဘူး ပင်လယ်နားထားတဲ့အခါ မိုးတွင်းမှာ အလုပ်တစ်ခုလုပ်နေဖို့အတွက် အခြေအနေက လောလောဆယ်တော့ ခန့်မှန်းရခက်ပါတယ်” ဟုဒေသခံ ရေလုပ်သား တစ်ဦးကပြောသည်။

           

“ယခင်နှစ်ငါးဖမ်းခွင့် သုံးလပိတ်သိမ်းခဲ့စဉ်က ငါးဖမ်းခွင့် ပြန်လည်ရရှိသည့် အချိန်၌ လုပ်သားရှားပါးသည့် အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ရေယာဉ်ပိုင်ရှင်များနှင့် အလုပ်သမား ကိုယ်စားလှယ်တချို့ ပူးပေါင်း၍ ဒေသခံနှင့် ရပ်ဝေးပြန် ရေလုပ်သားများကို သုံးလအတွင်း ငွေကြေးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ကာ ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ရေလုပ်ငန်းရှင်များ၏ ငါးရှာဖွေရရှိမှု နည်းခြင်း၊ အရှုံးပေါ်မှုများ ရှိနေခြင်းကြောင့် ရေလုပ်သားအများစုကို ထိန်းသိမ်းထားနိုင်တော့မှာ မဟုတ်ကြောင်း” အလုပ်သမား ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

           

လက်ရှိဟိုင်းကြီးကျွန်းမြို့၌ ကိုရိုနာဗိုင်းရပ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကြောင့် အသွားအလာ နည်းနေပြီး တည်ငြိမ်နေရာက ယခုရက်ပိုင်းအတွင်း ကမ်းဝေး ငါးဖမ်းရေယာဉ်များ ကမ်းသို့ ပြန်လည်ဝင် ရောက်လာမှုများကြောင့် ရပ်ဝေးရေလုပ်သားများ နေရပ်ပြန်ခြင်း၊ ဒေသခံရေလုပ်သားများ ပြန်လည် ရောက်ရှိလာခြင်းတို့ကြောင့် ပြန်လည်သက်ဝင်လှုပ်ရှား လျက်ရှိသည်။

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)