ပင်လယ်ရေအောက် မီးတောင်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည့် တွန်ဂါနိုင်ငံသို့ သောက်သုံးရေများ ပို့ဆောင်ရန် လေယာဉ်နှစ်စင်း စေလွှတ်မည်

တိုကျို ဇန်နဝါရီ ၂၁

 

ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနသည် ဇန်နဝါရီ ၁၅ ရက်က ပင်လယ်ရေအောက် မီးတောင်ပေါက်ကွဲမှု ကြီးမားစွာ ဖြစ်ပေါ်ခဲ့သည့် တွန်ဂါနိုင်ငံသို့ သောက်သုံးရေများ သယ်ယူပို့ဆောင်ရန် လေယာဉ်နှစ်စင်း စေလွှတ်သွားမည်ဖြစ်ကြောင်း ယနေ့အင်န်အိတ်ချ်ကေသတင်း တစ်ရပ်အရ သိရသည်။

 

ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် တွန်ဂါနိုင်ငံသို့ အထောက်အပံ့များ ပေးပို့ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ထိပ်တန်းတာဝန်ရှိသူများ၏ အစည်းအဝေးကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

တွန်ဂါနိုင်ငံ၌ နိုင်ငံတကာဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဂျပန်ကာကွယ်ရေးဝန်ကြီး ကီရှီနိုဘူယိုက ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ညွှန်ကြားထားကြောင်း သိရသည်။ ဂျပန်နိုင်ငံ ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် ပြည်တွင်း ပြည်ပ၌ ဖြစ်ပွားခဲ့သည့် သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် တွေ့ကြုံခဲ့သည့် များပြားသည့် အတွေ့အကြုံများပေါ်တွင် မူတည်၍ တွန်ဂါပြည်သူများအတွက် အထောက်အပံ့များ ပေးစွမ်းနိုင်လိမ့်မည် ဟု မျှော်လင့်ထားကြောင်းလည်း ဂျပန် ကာကွယ်ရေးဝန်ကြီး ကီရှီနိုဘူယိုက ပြောကြားသည်။

 

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် အရေးပေါ်ကယ်ဆယ်ရေး အထောက် အပံ့ဖြစ်သည့် သောက်သုံးရေများ ဖြန့်ဝေရန် အိုင်ချီခရိုင်ရှိ ကိုမာကီလေတပ် အခြေစိုက်စခန်းမှ C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်းအား စေလွှတ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်