ဒေါက်တာအာကာ(ဆိပ်ကမ်း)
မြန်မာနိုင်ငံသည် ကမ်းရိုးတန်းအရှည်ရေမိုင် ၁၂၆၀ ကျော်ကို ပိုင်ဆိုင်သည့် ပင်လယ်ပိုင်နက် နိုင်ငံဖြစ်ခြင်းကြောင့် နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ၇၅ ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ တစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်လျက်ရှိပြီး ကျန် ၂၅ ရာခိုင်နှုန်းကိုသာ နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကုန်သွယ်လျက်ရှိပါသည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် မိမိနိုင်ငံ၏ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍသည် နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်မျှအရေးပါသည်ကို ဆန်းစစ်သုံးသပ်နိုင်မည်ဖြစ်ပါသည်။ ထိုနည်းတူ စွာပင် ဆိပ်ကမ်းလုပ်ငန်းများ ကောင်းစွာလည်ပတ်နိုင်ရန်နှင့် အထူးသဖြင့် နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများကို ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက် သွားလာရာတွင် ဘေးကင်းလုံခြုံစွာဖြင့် ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ရန်ကုန်မြစ်အတွင်းသို့ စတင်ဝင်ရောက်မည့် ပင်လယ်ဝမှသည် ရန်ကုန်မြစ် ရေလမ်းကြောင်းတစ်လျှောက် နေ့/ည ရာသီမရွေး တာဝန်ထမ်းဆောင်နေကြရသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဆိပ်ကမ်းဆိုင်ရာ ရေကြောင်းဆိုင်ရာဝန်ထမ်းများဖြစ်ကြသည့် ရေကြောင်းပြမှူးကြီး(Pilot)များ နှင့် အဆင့်ဆင့်သော ဝန်ထမ်းများ၏ တာဝန်ကျေပွန်စွာ ဆောင်ရွက်နေမှုအခြေအနေများကို ဂုဏ်ယူစွာ ရေးသား တင်ပြလိုပါသည်။
ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးသည် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြစ်ဝရှိ ကမ်းလွန်ရေကြောင်းပြစခန်း (Offshore Fixed Pilot Station)သို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ခဲ့ပါသည်။ အဆိုပါခရီးစဉ်တွင် စာရေးသူအနေဖြင့်လည်း လိုက်ပါခွင့်ရခဲ့သဖြင့် ဆိပ်ကမ်းနှင့် ရေကြောင်းပြဆိုင်ရာ ဝန်ထမ်းများနှင့် ကမ်းလွန်ရေကြောင်းပြ စခန်း၏အတိတ်နှင့် ပစ္စုပ္ပန်ဆောင်ရွက်နေမှု အခြေအနေအရပ်ရပ်ကို ကောင်းစွာလေ့လာသိရှိခွင့် ရခဲ့ပါသည်။
၂၀၁၅ ခုနှစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေ ၏ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က)တွင် “ဆိပ်ကမ်းသို့ ဝင်ရောက်သော သို့မဟုတ် ဆိပ်ကမ်းမှထွက်ခွာသော ရေယာဉ်နှင့် ကုန်ပါစုစုပေါင်း တန်ချိန် ၅၀၀ ထက် ပိုသည့် ရေယာဉ်၏ ရေယာဉ်မှူးသည်- ရေကြောင်း ပြမှူးကြီး မပါဘဲ ဝင်/ထွက်ခွင့် တောင်းခံရယူနိုင်ရန် ရေကြောင်းဌာနက သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့် မညီညွတ်ပါက ရေကြောင်းပြမှူး ကြီး၏ အကူအညီကို မဖြစ်မနေ တောင်းခံရယူပြီး ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်ခြင်း၊ ရပ်နားခြင်း၊ ထွက်ခွာခြင်း သို့မဟုတ် ဆိပ်ကမ်းနယ်နိမိတ်အတွင်း နေရာ ရွှေ့ပြောင်းခြင်းပြုရမည်” ဟု ထည့်သွင်း ပြဋ္ဌာန်းထားသည့်အတိုင်း ဒေသတွင်းနှင့် နိုင်ငံတကာ ဆိပ်ကမ်းများနည်းတူ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်သွားလာကြသည့် နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများသည် ပင်လယ်ဝနှင့် ဆိပ်ကမ်း တံတားများအကြား ရေလမ်းကြောင်းတစ်လျှောက် ဘေးကင်းလုံခြုံစွာဖြင့် ဝင်/ထွက် သွားလာနိုင်ရေး အတွက် ရေကြောင်းပြဝန်ဆောင်မှု (Pilotage Service)ကို မပျက်မကွက်ရယူကြရပါသည်။
၂၀၁၉ ခုနှစ်မတိုင်မီ နှစ်များဆီသို့ ပြန်ပြောင်း တွေးဆကြည့်ပါက နိုင်ငံတကာ ကုန်သွယ်သင်္ဘော ကြီးများကို ရေကြောင်းပြဝန်ဆောင်မှုပေးနိုင်ရန် အတွက် ရေကြောင်းပြရေယာဉ် (Pilot Vessel) နှစ်စင်းဖြစ်သော အလျားမီတာ ၆၀ ဝန်းကျင်၊တန်ချိန် (Gross Tonnage-GT) ၇၇၈ နှင့် ၅၀၀ အသီးသီး ရှိကြသည့် သမ္မတရေယာဉ်နှင့် ဧကရီရေယာဉ်တို့ကို ရေကြောင်းပြစခန်း (Pilot Station) အဖြစ် ရန်ကုန် မြစ်ဝမှပင်လယ်ဘက်ရေမိုင် ၂၀ ခန့် အကွာတွင် အလှည့်ကျ ကျောက်ချထားရှိ ဆောင်ရွက်ရပါသည်။
ထိုအချိန်က ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများသည် ရေကြောင်းပြရေယာဉ်ပေါ်တွင်ပင် အနေ၊ အစား ပင်ပန်းဆင်းရဲစွာဖြင့် စခန်းချနေထိုင်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်ကြသည့် သင်္ဘောကြီးများပေါ်ကို ရေကြောင်းပြ ကြို/ပို့ခြင်း လုပ်ငန်းကို သစ်သားကတ္တူ လှေငယ်(Pilot Cutter)များဖြင့် လှိုင်းကြားလေကြား အန္တရာယ်ကြားမှ ခက်ခဲစွာ ရေကြောင်းပြ ကြို/ပို့ခြင်း (Pilot Transfer Operation)ဆောင်ရွက်၍ တက်/ဆင်း မောင်းနှင်ပေးခဲ့ကြရပါသည်။
ထိုအချိန်ကာလများတွင် ရေကြောင်းပြမှူးကြီးများနှင့် ရေကြောင်းပြဝန်ထမ်းများ လှိုင်းလေထန် လှသည့် ပင်လယ်ပြင်တွင် ကတ္တူလှေငယ်ဖြင့် သင်္ဘောကြီးများဆီသို့ သတိပြုချဉ်းကပ်၍ တက်/ဆင်း ရပုံများကို ယူကျူ့(Youtube)ပေါ်တွင် မြန်မာရေကြောင်းပြမှူးကြီး၏ နေ့စဉ်ဘဝ (Daily Life of Myanmar Pilot) အမည်ဖြင့် မြန်မာရေကြောင်းပြမှူးကြီးများအသင်း (Myanmar Maritime Pilot Association)မှ ဗဟုသုတအဖြစ် လွှင့်တင်ပေးထားသည်ကိုလည်း ဝင်ရောက်ကြည့်ရှုခြင်းဖြင့် သိရှိနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် ရာသီဥတုဆိုးရွားချိန်များတွင် ရေကြောင်းပြစခန်းအဖြစ် အသုံးပြုသော ရေကြောင်းပြ ရေယာဉ်ကို ဘေးကင်းလုံခြုံသည့် နေရာသို့ရွှေ့ပြောင်းရခြင်း၊ ရေယာဉ်များ၏ သက်တမ်းအရ ရေယာဉ်ပြုပြင်ထိန်းသိမ်းစရိတ် ကြီးမြင့်လာပြီး ဘေးကင်းလုံခြုံမှုအဆင့် လျော့ကျလာခြင်းနှင့် ၂၀၁၁ ခုနှစ်မှစ၍ ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာနေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလိုအပ်ချက်အရ ရန်ကုန် ဆိပ်ကမ်းသည်လည်း နိုင်ငံတကာ ကုန်သွယ်ရေ ယာဉ်ကြီးများ အဝင်/အထွက် ပိုမိုများပြားလာပြီး ရေကြောင်းပြလုပ်ငန်းတွင် တာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းများ ပိုမိုများပြားလာသောကြောင့် ရေကြောင်းပြရေယာဉ်ဖြင့် ဘေးကင်းလုံခြုံစွာ ဆောင်ရွက်နိုင်ရန်အတွက် နေရာလုံလောက်မှု မရှိခြင်း၊ လှိုင်းဒဏ်လေဒဏ်ကို တိုက်ရိုက်ခံစားကြရခြင်းနှင့် ကိုယ်စိတ်လုံခြုံမှု (Physical and Mental Safety and Security) အားနည်းခြင်းစသည့် ကန့်သတ်ချက်များ ကြုံတွေ့လာခဲ့ရပါသည်။
အဆိုပါ ကြုံတွေ့လာရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဌာနအကြီးအမှူးအဆင့်ဆင့်တို့သည် အမြော်အမြင်ကြီးစွာ ချင့်ချိန်သုံးသပ်၍ ရေကြောင်းပြမှူး ကြီးများနှင့် ဆိပ်ကမ်းဆိုင်ရာ၊ ရေကြောင်းဆိုင်ရာနှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ထမ်းများအတွက် ကမ်းလွန်ရေကြောင်းပြစခန်း တည်ဆောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြပါသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများကို အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံဆိပ်ကမ်းများသို့ သွားရောက်လေ့လာစေခဲ့ပြီး လေ့လာတွေ့ရှိချက်များအပေါ် ပြန်လည်သုံးသပ်၍ ရန်ကုန်ဆိပ်ကမ်းနှင့် မြစ်ကြောင်းအနေအထား၊ ရေလမ်းကြောင်းအနေအထားတို့ နီးစပ်တူညီမှုရှိသည့် ထိုင်းနိုင်ငံ ဘန်ကောက်ဆိပ်ကမ်း၏ ပင်လယ်ဝရှိ ကမ်းလွန်ရေကြောင်းပြစခန်း၏ပုံစံကို နမူနာယူပြီး အခြေခံ ဒီဇိုင်း(Conceptual Design)ကို ရေးဆွဲခဲ့ကြပါသည်။ ထို့နောက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံပိုင်သတင်းစာများ၌ ကြော်ငြာထည့်သွင်း၍ ပြည်တွင်း/ပြည်ပမှ ကမ်းဝေးပင်လယ်ပြင် တည်ဆောက်ရေး လုပ်ငန်းအတွေ့အကြုံရှိ လုပ်ငန်း ရှင်များကို တင်ဒါခေါ်ယူခဲ့ရာ China Harbour Engineering Co., Ltd. (CHEC)မှ စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉ သန်းဖြင့် တင်ဒါ အောင်မြင် တည်ဆောက်ခဲ့ပါသည်။
ကမ်းလွန်ရေကြောင်းပြစခန်းကို မြောက်လတ္တီ တွဒ် 16° 12.7" နှင့် အရှေ့လောင်ဂျီတွဒ် 96° 16.7" တွင် အလျား ၃၃ ဒသမ ၂ မီတာနှင့် အနံ ၃၀ ဒသမ ၄ မီတာ အရွယ်အစားရှိ သံကူကွန်ကရစ် သုံးထပ် အဆောက်အအုံအဖြစ် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ဆောက်ရေး လုပ်ငန်းအားလုံးပြီးစီး၍ ဖွင့်ပွဲအခမ်းအနား (Grand Opening Ceremony)ကို ၃၀-၃-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က လွှဲပြောင်းလက်ခံရယူကာ Operation လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။
စီမံကိန်းလုပ်ငန်းတွင် တန်ချိန် GT ၁၅၀၀ အရွယ်အစားရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား တစ်စင်း၊ မီတာ ၂၀ ရေကြောင်းပြ ကြို/ပို့ ဖိုင်ဘာရေယာဉ်(Pilot Boat) ၃ စင်း၊ မီးစက်၊ ရေချိုချက်လုပ်သည့်စနစ် (Desalination System)၊ ရေဆိုးသန့်စင်စက်၊ မီးငြှိမ်းသတ်စနစ်၊ ရေကြောင်း ပြလုပ်ငန်းထိန်းချုပ်ခန်း (Control Room)နှင့် ရေကြောင်းဆိုင်ရာ ဆက်သွယ်ရေးစက်ကိရိယာများ ဖြစ်ကြသည့် ရေဒါ(Radar)နှင့် အလိုအလျောက် ရေယာဉ်အမျိုးအစားနှင့် အချက်အလက်ဖော်ပြသည့် စနစ်(Automatic Identification System – AIS)တို့ ပါဝင်ပါသည်။
ထို့အပြင် ဘုရားခန်း၊ လူနေတစ်ယောက်/နှစ် ယောက်/သုံးယောက် အိပ်ခန်းများ၊ အားကစားခန်း၊ ရိက္ခာသိုလှောင်ခန်း၊ မီးဖိုခန်း၊ စားသောက်ခန်းနှင့် ရေချိုးခန်း၊ သန့်စင်ခန်း၊ အဝတ်လျှော်စက်၊ အခြောက်ခံစက်၊ စက်သုံးဆီသိုလှောင်ကန် စသည်တို့ပါဝင်ပြီး ဝန်ထမ်း ၃၆ ဦး သက်သောင့်သက်သာ အဆင်ပြေစွာနေထိုင်၍ တာဝန်ထမ်းဆောင်နိုင်သော အဆောက်အအုံတစ်ခု ဖြစ်ပါသည်။
Operation လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းရာသီ၌ ရေကြောင်းပြ ကြို/ပို့ ဖိုင်ဘာ ရေယာဉ်များဖြင့် ဆိုက်ကပ်၍ ရေကြောင်းပြမှူးကြီးများ အတက်/အဆင်း ပြုလုပ်ရာတွင် အဆင်ပြေမှု ရှိသော်လည်း မိုးရာသီမုတ်သုံကာလ၌ လှိုင်းလေ ပြင်းထန်ချိန်တွင် လှိုင်းလေဒဏ်မခံနိုင်သောကြောင့် အန္တရာယ်ရှိသဖြင့် ဖိုင်ဘာရေယာဉ်များကို မြစ်ကြောင်းအတွင်း ရေကြောင်းပြ ကြို/ပို့ရန်သာ အသုံးပြုပြီး ပင်လယ်ပြင်တွင် အသုံးပြုနိုင်ရန် အတွက် သံထည်ဖြင့် ပြုလုပ်ထားသော မီတာ ၂၀ ရှိသည့် Pilot Boat ၃ စင်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာရေး နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်များတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄၄ သန်း လျာထားပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူ၍ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၏ သိမ်ဖြူသင်္ဘောကျင်းတွင် ပုဂ္ဂလိကနှင့်ပူးပေါင်းပြီး ထပ်မံတည်ဆောက် ဖြည့်တင်းပေးခဲ့ပါသည်။
ထို့အပြင် ရေကြောင်းပြစခန်း၏ လေကွယ်ရာဘက်တွင် Pilot Boatများ အန္တရာယ်ကင်းရှင်းစွာ ဆိုက်ကပ်၍ ရေကြောင်းပြမှူးကြီးများ လုံခြုံစိတ်ချစွာ အတက်/အဆင်း ပြုလုပ်နိုင်ရေးအတွက် ထပ်တိုးရေယာဉ်ဆိုက်ကပ်ရန် နေရာတစ်ခုကိုလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် CHEC နှင့် ညှိနှိုင်း၍ တည်ဆောက်ပေးခဲ့ပါသည်။ အဆိုပါရေကြောင်းပြစခန်းသည် ရန်ကုန်မြို့တွင်း ဆိပ်ကမ်းဧရိယာမှ ရေမိုင် ၃၆ မိုင် ကွာဝေးသဖြင့် ဒီရေ အတက်/အကျ အခြေအနေများအပေါ် မူတည်ပြီး ရေကြောင်းပြစခန်းသို့ ရောက်ရှိရန် ခုတ်မောင်းချိန် ၄ နာရီ မှ ၆ နာရီခန့်အထိ ကြာမြင့် နိုင်ပါသည်။
စာရေးသူသည် ခရီးစဉ်တွင် ခေတ်မီ Pilot Boat ဖြင့် ရန်ကုန်မြစ်အတွင်းသို့ ဝင်ရောက်မည့် ကုန်သွယ်သင်္ဘောကြီးပေါ်သို့ ရေကြောင်းပြကြို/ပို့ ခြင်းလုပ်ငန်းစဉ်ကို စောင့်ကြည့်မှတ်တမ်းတင်ခွင့် ရရှိခဲ့ပါသည်။ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ရန်အတွက် သင်္ဘောကြီးများကို သတ်မှတ်အချိန်တွင် ကျောက်ချဧရိယာ(Anchorage Area)မှ စတင် ဝင်ရောက်လာရန် ခေါ်ယူခြင်း၊ Pilot Boat စေလွှတ် ခြင်းနှင့် ပြန်လည်ခေါ်ယူခြင်း၊ တာဝန်ကျရေကြောင်း ပြမှူးကြီး၏ ဦးဆောင်မှုဖြင့် သင်္ဘောကြီး ရန်ကုန် မြစ်ရေလမ်းကြောင်းသို့ ဝင်ရောက်ခြင်းစသည့် လုပ်ငန်းစဉ်များကို ရေကြောင်းပြစခန်းရှိ Control Room တာဝန်ကျ ရေယာဉ်မှူးကြီးများနှင့် ဆက်သွယ်ရေးတာဝန်ခံတို့က ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ခြင်း(Pilot Transfer Coordination)ကို Radar နှင့် AIS စနစ်များ၊ ဆက်သွယ်ရေးစက်များ အသုံးပြု၍ စောင့်ကြည့်ဆက်သွယ်ဆောင်ရွက် ပေးကြရပါသည်။
ဤခေတ်မီ ကမ်းလွန်ရေကြောင်းပြစခန်းနှင့် Pilot Boatများအတွက် နိုင်ငံတော်က ရင်းနှီး တည်ဆောက် ဖြည့်တင်းပေးရသည်နှင့် ထိုက်တန်သည့် အကျိုးရလဒ်ကောင်းများဖြစ်သော နိုင်ငံတကာ ကုန်သွယ်သင်္ဘောကြီးများ ရန်ကုန်ဆိပ်ကမ်း သို့ ဝင်/ထွက် သွားလာရာတွင်လည်းကောင်း၊ ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင်လည်းကောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းအောင် စီမံဆောင်ရွက်ပေးနိုင်ခြင်းအပြင် တာဝန်ထမ်းဆောင်သူများ၏ ကိုယ်စိတ်လုံခြုံမှုပိုမိုရရှိပြီး မိမိကိုယ်ကို ယုံကြည်မှု (Self-Confidence) ရှိစွာဖြင့် တာဝန်ထမ်းဆောင် နိုင်ခြင်း၊ အကျိုးဆက်အနေဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဆိပ်ကမ်းနှင့် ရေကြောင်းပြ ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ငန်းခွင်မတော်တဆမှုနှင့် ထိခိုက်မှုအနည်းဆုံး (Zero Accident) အဆင့်သို့ ရောက်ရှိထိန်းသိမ်းလာနိုင်ပြီး ဆိပ်ကမ်းသုံးစွဲသူနိုင်ငံတကာ သင်္ဘောလိုင်းများနှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ၏ ယုံကြည်မှု (Trust) ပိုမိုရရှိလာနိုင်ပြီဖြစ်သောကြောင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ၏ ပုံရိပ် (Image) သည်လည်း ပိုမိုကောင်းမွန်လာပြီဖြစ် ကြောင်း တွေ့ရှိခဲ့ရပါသည်။
ထို့အပြင် ရေကြောင်းပြမှူးကြီးများ၊ ဆိပ်ကမ်း နှင့်ရေကြောင်းဆိုင်ရာ၊ ဆက်သွယ်ရေး ဝန်ထမ်းများ အနေဖြင့် ကမ်းလွန်ရေကြောင်းပြစခန်းတွင် လှိုင်းလေဒဏ်ကို တိုက်ရိုက်မခံစားရတော့ဘဲ Facilities အပြည့်အစုံဖြင့် လုံခြုံစိတ်ချစွာ နေထိုင် နိုင်ပြီဖြစ်၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် စိတ်ပိုင်း၊ ကိုယ်ပိုင်းဆိုင်ရာ ယုံကြည်မှုအပြည့်ဖြင့် တာဝန်ထမ်းဆောင်နေနိုင်ကြပြီဖြစ်ပါသည်။ ပင်လယ်ပြင် ရာသီဥတုဆိုးရွားချိန်များတွင် အခြားလုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းရန် မလိုအပ်တော့ခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ်လျှော့ချနိုင်ခြင်း၊ ဘေးကင်းလုံခြုံစိတ်ချရခြင်း၊ ထင်ရှားသည့် ရေကြောင်းပြ အမှတ်အသားအဖြစ် ပင်လယ်ဝ ကျောက်ချဧရိယာအနီးတွင် တည်ရှိနေသောကြောင့် ဖြတ်သန်းသွားလာသည့် နိုင်ငံတကာ ကုန်သွယ်သင်္ဘောကြီးများနှင့် တပ်မတော်(ရေ)အပါအဝင် အရပ်ဘက် ကုန်တင်သင်္ဘောများအတွက် ရေကြောင်းပြ အမှတ်အသားအဖြစ် အထောက်အကူ ပေးနိုင်ခြင်း၊ ယခင်က ရေကြောင်းပြလုပ်ငန်းကို ၂၄ နာရီအပြည့် မဆောင်ရွက်နိုင်ဘဲ ယခုအခါ ရန်ကုန် ဆိပ်ကမ်းများသို့ ဝင်/ထွက် ဆိုက်ကပ်သည့် နိုင်ငံ တကာ ကုန်သွယ်ရေယာဉ်ကြီးများကို ရာသီမရွေး၊ ၂၄ နာရီ နေ့/ည အချိန်အခါမရွေး၊ ဆိပ်ကမ်းနှင့် ရေကြောင်းဆိုင်ရာဝန်ဆောင်မှုများကို ပေးလာနိုင် ပြီး နိုင်ငံ၏သွင်းကုန်/ ပို့ကုန်များကို ပိုမိုကိုင်တွယ်လာနိုင်ခြင်းဖြင့် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးကိုများစွာအထောက်အကူပြုစေနိုင်သည့်အပြင် နိုင်ငံတော်အတွက် နိုင်ငံခြားငွေများစွာကို ရှာဖွေပေးနိုင်လျက် ရှိပါသည်။
ဒုတိယဝန်ကြီးအနေဖြင့်လည်း ရေကြောင်းပြ စခန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများကို တွေ့ဆုံအားပေးစကား ပြောကြားရာတွင် နိုင်ငံတော် အနေဖြင့် မိမိဝန်ထမ်းများ၏ လုပ်အားတန်ဖိုးကို အလေးထားပြီး ဝန်ထမ်းများ ဘေးကင်းလုံခြုံစွာ တာဝန်ထမ်းဆောင်နိုင်ကြစေရန် ငွေလုံးငွေရင်း စိုက်ထုတ်ရင်းနှီး ဆောင်ရွက်ပေးထားမှုကြောင့် မိမိဝန်ထမ်းများ ရေကြောင်းပြစခန်းကြီးတွင် ဘေးအန္တရာယ်ကင်းစွာဖြင့် နေထိုင်၍ တာဝန် ထမ်းဆောင်နေနိုင်ပြီဖြစ်သည့်အတွက်များစွာ ဝမ်းမြောက်ရပါကြောင်း၊ နှစ်စဉ်လိုအပ်သည့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးထား မှုနှင့် နေထိုင်ရေးအပြင် စားသောက်ရေးအတွက်ပါ ပြည့်စုံအောင် ဆောင်ရွက်ပေးထားမှုတို့ကို တန်ဖိုး ထားကာ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်၊ ဌာနနှင့် ဝန်ထမ်းများအတွက် အရေးပါလှသည့် Offshore Fixed Pilot Station ကြီးကို ရေရှည်ကောင်းမွန်စွာ အသုံးပြုနိုင်ရေး တန်ဖိုးထား ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်၊ မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များကိုလည်း စဉ်ဆက်မပြတ် မွေးမြူလေ့ကျင့်ပေးရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အထူးဂရုပြု ဆောင်ရွက်သွားရန်၊ လုပ်ငန်း တာဝန်များကို စွမ်းအားပြည့်ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းတစ်ဦးချင်း ကျန်းမာရေးကို အထူး သတိပြု ဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို တာဝန်ရှိသူအဆင့်ဆင့်က အလေးထားကြပ်မတ်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်အတွက် ဝင်ငွေတိုးတက် ရှာဖွေပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းအားပေး ပြောကြားခဲ့ပါသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၌ လက်ရှိကာလတွင် တပ်မတော်(ရေ)မှ ပြောင်းရွှေ့လာသည့် ရေကြောင်းပြမှူးကြီး ၃၅ ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး ဌာနတွင်းမှ ကျွမ်းကျင်လက်မှတ်ရ ရေယာဉ်မှူးကြီးများ၊ ရေယာဉ်မှူးများနှင့် ရေယာဉ်အင်ဂျင်နီယာမှူးကြီးများ၊ ဆက်သွယ်ရေး အရာရှိများနှင့်အတူ ပူးတွဲ၍ကမ်းလွန်ရေကြောင်းပြစခန်းတွင် တာဝန်ထမ်းဆောင်စေလျက် ရှိပါသည်။ ရန်ကုန်ဆိပ်ကမ်းအနေဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလိုအပ်ချက်အရ နှစ်အလိုက် နိုင်ငံ တကာ ကုန်သွယ်သင်္ဘောကြီးများ ပိုမိုများပြားစွာ ဝင်/ထွက် လျက်ရှိပြီး ကုန်ကိုင်တွယ်ရရှိမှုသည် လည်းတိုးတက်လျက် ရှိနေပါသည်။
ရန်ကုန်ဆိပ်ကမ်းအနေဖြင့် တစ်နှစ်လျှင် သင်္ဘောစင်းရေ ၁၄၀၀ ခန့်၊ ကုန်သေတ္တာ (ပေ ၂၀၊ Twenty-foot Equivalent Unit – TEU) ၁ သန်းခန့် နှင့် အထွေထွေကုန်စည် မက်ထရစ်တန် လေးသန်း ခန့်၊ စက်သုံးဆီ မက်ထရစ်တန် လေးသန်းကျော်နှင့် စားသုံးဆီ မက်ထရစ်တန် ငါးသန်းခန့် ကိုင်တွယ် လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်တွင် ပြည်ပသို့ လယ်ယာထွက်ပို့ကုန် ဆန်တန်ချိန် ၂ ဒသမ ၇၈ သန်း၊ ပြောင်း တန်ချိန် ၂ ဒသမ ၇၃ သန်း၊ ပဲအမျိုးမျိုး တန်ချိန် နှစ်သန်းခန့်၊ နှမ်းတန်ချိန် ၆၇၂၂၀ အသီးသီး တင်ပို့နိုင်ခဲ့ပါသည်။
သို့ဖြစ်ရာ နိုင်ငံ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်သည့် ပင်လယ် ရေကြောင်းဖြင့် ကုန်သွယ်မှု လွယ်ကူအဆင်ပြေ ချောမွေ့ဖွံ့ဖြိုးတိုးတက်စေရန် အဓိက ဆိပ်ကမ်းကြီး ဖြစ်သော ရန်ကုန်ဆိပ်ကမ်း၏ ရန်ကုန်ဧရိယာတွင် ဆိပ်ကမ်းတံတား ၂၈ စင်း၊ သီလဝါဧရိယာတွင် ဆိပ်ကမ်းတံတား ၂၀ စုစုပေါင်း ဆိပ်ကမ်းတံတား ၄၈ စင်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ရန်ကုန် ဆိပ်ကမ်းသို့ ဝင်/ထွက် သွားလာကြသည့် နိုင်ငံတကာ ကုန်သွယ်သင်္ဘောကြီးများအတွက် ဘေးကင်းလုံခြုံစွာဖြင့် ဆိပ်ကမ်းနှင့် ရေကြောင်း ပြဝန်ဆောင်မှုလုပ်ငန်းများကို ၂၄ နာရီ လှိုင်းလေ ကြားက ဝန်ဆောင်မှုပေးနေကြသော ရေကြောင်းပြမှူးကြီးများနှင့် သတ်မှတ်ကာလအလိုက် အလှည့်ကျတာဝန် ထမ်းဆောင်နေကြသည့် ဆိပ်ကမ်းဆိုင်ရာ၊ ရေကြောင်းဆိုင်ရာနှင့် ဆက်သွယ် ရေးဆိုင်ရာ ဝန်ထမ်းများ ကိုယ်စိတ်လုံခြုံစွာဖြင့် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အပြည့်အဝ အထောက်အကူဖြစ်စေသည့် ရန်ကုန် မြစ်ဝရှိ ကမ်းလွန်ရေကြောင်းပြ စခန်းကြီး(Offshore Fixed Pilot Station)နှင့် တာဝန်ထမ်းဆောင်နေကြ သည့် ဝန်ထမ်းများအားလုံးကို ဤဆောင်းပါးဖြင့် မှတ်တမ်းတင် ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါကြောင်း။