ပြင်ပ အကူသူနာပြုသင်တန်းများကို တရားဝင်ဖွင်‌့လှစ်ခွင့် ပြုထားခြင်းမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးပြောကြား

နေပြည်တော်  ၁ မတ်

ပြင်ပ အကူသူနာပြုသင်တန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တရားဝင်ဖွင်‌့လှစ်ခွင့် လုံးဝခွင့်ပြုထားခြင်းမရှိဘဲ ၎င်းကိစ္စသည် အလွန်အရေးကြီးသော ကိစ္စဖြစ်သည့်အတွက် နှစ်ပတ်အတွင်း Workshop, Seminar နှစ်ရက်ပြုလုပ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

“ပြင်ပသူနာပြု အကူသင်တန်းများကို တရားဝင်ဖွင့်လှစ်ခွင့် ပြုထားခြင်း ရှိ မရှိနှင့် ပြင်ပသူနာပြုသင်တန်းများ၏ အရည်အချင်းများကို မည်သည့်ဌာနက မည်ကဲ့သို့ စနစ်တကျ ကြီးကြပ်ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍” မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာ ဦးသန်းအောင်စိုး၏ မေးမြန်းမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးအတွင် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “ပြင်ပ အကူသူနာပြုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တရားဝင်ဖွင်‌့လှစ်ခွင့် လုံးဝခွင့်ပြုထားခြင်း မရှိကြောင်း၊ သို့သော်လည်း ၎င်းကိစ္စသည် အလွန်အရေးကြီးသော ကိစ္စဖြစ်သည့်အတွက် နှစ်ပတ်အတွင်း Workshop, Seminar နှစ်ရက်လုပ်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အကူသူနာပြုများ၏ အရည်အသွေး၊ အရည်အချင်းစစ်ခြင်းများ လုပ်ပေးရသည့်အတွက် ပုဂ္ဂလိက ကျန်းမာရေး ကြီးကြပ်မှုဗဟိုကော်မတီ၊ မြန်မာနိုင်ငံ သားဖွားနှင့် သူနာပြုကောင်စီ၊ သားဖွားနှင့် သူနာပြုအသင်း၊ အလုပ်သမား ဝန်ကြီးဌာန Represent၊ ယခုဖွင်‌့နေသည့်ကျောင်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များကိုလည်းခေါ်ပြီး သူနာပြု တက္ကသိုလ်များ၏ ပါမောက္ခချုပ်များ၊ သူနာပြုသားဖွားကျောင်း ၅၀ မှ အချို့သော ကျောင်းအုပ်များပါခေါ်ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း။

တာဝန်ခံမှု၊ တာဝန်ယူမှု၊ ကျင့်ဝတ်နှင့်ပြည့်သည့် အကူသူနာပြုများကို ဆက်လက်ပြီး ဘယ်လိုထုတ်မည်ကို အမြန်ဆုံး လုပ်မည်ဖြစ်ကြောင်း၊ သင်တန်းပေးခြင်းအားဖြင့် အလုပ်မဝင်သော်ငြားလည်း အပြင်ဆေးရုံ ပုဂ္ဂလိကတွင် လုပ်နိုင်သည့်အတွက် အလွန်အကျိုးရှိသော ကိစ္စဖြစ်သည့်အပြင် ဒေသခံ တိုင်းရင်းသားများ၊ တိုင်းရင်းသူများကို ကိုးလသင်တန်း ပေးမည်ဖြစ်ကြောင်း၊ Elderly Care Assistant ခြောက်လသင်တန်းကို Poster Guigo Service ကုမ္ပဏီနှင့် ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းကျောင်း၏ အကူအညီဖြင့် မတ်လ ၇ ရက်နေ့တွင် စဖွင့်မည်ဖြစ်ပါကြောင်း” ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတက်မည့်သူ စုစုပေါင်း ၉၇ ဦးရွေးပြီး ခြောက်လကြာ သင်တန်းဖြစ်ပါကြောင်း၊ အောင်မြင်သည့်သူများကို National Skill Standard Authority (NSSA)က လက်မှတ်ပေးပါက ၎င်းကိစ္စကိုလည်း ဒီထက်ပိုပြီး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

MDN