ပွင့်ဖြူ ၁၀ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပွင့်ဖြူ- စလင်းသွားကားလမ်းတွင် မေ ၉ ရက်၊ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ မေ ၉ ရက်၊ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ပွင့်ဖြူမြို့နယ် ပွင့်ဖြူ - စလင်းသွားကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကုန်းဇောင်းနယ်မြေရဲစခန်းမှ ဒုရဲအုပ်ဆွေဆွေမြင့် သည် သက်သေများနှင့် အတူ အခင်းဖြစ်နေရာအား သွားရောက်စုံစမ်းစစ်ဆေးရာ ပွင့်ဖြူ - စလင်းသွားကားလမ်း မိုင်တိုင် အမှတ် ၂၈/၃ နှင့် ၂၈/၄ အကြားတွင် ပွင့်ဖြူဘက်မှ စလင်းဘက်သို့ ဦးဝင်းမြင့် မောင်းနှင်လာသော ခဲရောင်မော်တော်ယာဉ်နှင့် စလင်းဘက်မှ ပွင့်ဖြူဘက်သို့ အောင်ဇော်ဌေး မောင်းနှင်လာသော ဆိုင်ကယ်တို့ ကားလမ်းမပေါ်တွင် မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အောင်ဇော်ဌေးတွင် ဒဏ်ရာများ ရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ယာဉ်အားမဆင်မခြင် မောင်းနှင်သူ ဦးဝင်းမြင့် နှင့် အောင်ဇော်ဌေး တို့အား ပွင့်ဖြူမြို့နယ် ကုန်းဇောင်းနယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)