ပွင့်ဖြူ၊ ၂၂  ဇွန်        

           

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ ( Book Club )အဖွဲ့နှင့် ပူးပေါင်း၍  ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

           

ဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က  ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ခံစားရမည့်ဆိုးကျိုးများကို ဆွေးနွေးဟောပြောပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ( Book Club ) အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုး က မူးယစ်ဆေးဝါး အမျိုးအစားများနှင့် မူးယစ်ဆေးဝါး သုံးစွဲပါက အရေးယူခံရမည့်အချက်များ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

           

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စာသင်ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြပြီး အသိပညာပေး နံရံကပ်စာစောင်ပြပွဲများ ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။

 

 ရဲဝင်းနိုင် ( ပြန်/ဆက် )