ပွင့်ဖြူ    ၂၀  ဧပြီ    

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများကို ဧပြီ ၂၁ ရက်ကစပြီး ပင်စင် လစာငွေများ ထုတ်ပေးသွားမည်ဖြစ်ရာ မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပက်သက်ပြီး လူစုလူဝေးမဖြစ်စေရန်နှင့် စနစ်တကျ ထုတ်ပေးသွားနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရုံးမှ သိရသည်။

 

အငြိမ်စားဝန်ထမ်းများကို ပင်စင်လစာငွေများ ထုတ်ပေးရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေး တစ်ကြိမ်လျှင် လူ(၂)ဦးသာ ဝင်ရောက်ထုတ်ယူရန် ကန့်သတ်ထားရှိကြောင်း၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်၍ ထုတ်ယူကြရန် ကြိုတင်အသိပေး ကြေညာထားရှိကြောင်း သိရသည်။ 

 

ထို့ပြင် ရုံးရှိဝန်ထမ်းများ အငြိမ်းစားဝန်ထမ်းများထံ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ငွေစက္ကူများကိုင်တွယ်ရာ၌ လက်အိတ်နှင့် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်၍ ပြုလုပ်ဆောင်ရွက်သွားရန် ညွှန်ကြားထားရှိကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရုံးမှ တာဝန်ခံ ဘဏ်မန်နေဂျာ ဒေါ်အေးအေးချို က ပြောသည်။   

 

ပွင့်ဖြူမြို့နယ်၌ အငြိမ်းစားဝန်ထမ်း စုစုပေါင်း ၁၆၀၀ ကျော်ခန့်ရှိပြီး အဆိုပါ အငြိမ်စားဝန်ထမ်းများ ပင်စင်လစာငွေ လာရောက်ထုတ်ယူရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ယာယီနာခိုဆောင်များ တိုးချဲ့ ဆောင်ရွက်ထားရှိကာ လက်ဆေးရန်နေရာများကိုလည်း စနစ်တကျ စီစဉ်ထားရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)