ပွင့်ဖြူ ၂၃ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလ အတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း ယာယီပျံကျဈေးအဖြစ် ဖွင့်လှစ် ရောင်းချပေးလျက်ရှိရာ ဧပြီ ၂၃ ရက် နံနက် ၉ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ကာ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဈေးသည်များ ဈေးပိတ်သိမ်းပြီးချိန် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများ အခက်အခဲ မရှိ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း ယာယီပျံကျဈေးဆိုင်ခန်း များကို (၆)ပေအကွာစီ စနစ်တကျ နေရာများသတ်မှတ်၍ ဖွင့်လှစ်ရောင်းချခွင့်ပြုစေကြောင်း သိရပြီး စုစုပေါင်း ဈေးဆိုင်ခန်း ၂၀ဝ ခန့် ဖွင့်လှစ်ရောင်းချပေးနေကြောင်း သိရသည်။

အဆိုပါ ဖွင့်လှစ်ရောင်းချနေသည့် ယာယီပျံကျဈေးဆိုင်ခန်းများတွင် သားငါးတိရစ္ဆာန်များမှ ကူးစက်ရောဂါမဖြစ်ပွား စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လူအသွားအလာများသော ဈေးဝင်ပေါက်၊ ထွက်ပေါက်နေရာများ၊ ဈေးဆိုင်ခန်းများ၊ လက်ဆေးဘေစင်ပြုလုပ်ထားရှိရာ နေရာများနှင့် ဆိုင်ကယ်၊ စက်ဘီးများရပ်တန့်သည့်နေရာများမကျန် နေရာအနှံ့ ပိုးသတ်ဆေးများ စနစ်တကျ ပက်ဖျန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင် ရေးအတွက် ပြောင်းရွှေ့ဖွင့်လှစ်ပေးသည့် ယာယီပျံကျဈေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်လာပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာနိုင်ရေးအတွက် ကြပ်မတ်စစ်ဆေးခြင်း ၊ လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးကြရန် အသိပေးနှိုးဆော်ခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေးဝင်း ထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)