ပွင့်ဖြူ ၂၆ မတ်
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ပြည်သူများ သားငါးထုတ်ကုန်များမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဈေးကော်မတီ အဖွဲ့ဝင်များ နှင့် ပူးပေါင်း၍ မတ် ၂၆ ရက် ၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး သားငါးများ ရောင်းချသည့် ဈေးသည်များအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ကွင်းဆင်းအသိပညာပေးရာတွင် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ သားငါးများရောင်းချနေသော ဈေးသည်များ သားစိမ်း၊ ငါးစိမ်းများ ရောင်းချရာတွင် ပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေးတွက် သန့်ရှင်းလတ်ဆပ်မှုရှိအောင် စနစ်တကျ ထားသို သိမ်းဆည်းရန်နှင့် လက်အိတ်များ အသုံးပြု၍ ကိုင်တွယ်ရောင်းချရန် ၊ သားငါးထုတ်ကုန်များမှ တစ်ဆင့် ရောဂါပိုးကူးစက်နိုင်မှုများ မဖြစ်စေရေး ထွက်ရှိသော အညစ်အကြေးများအား စနစ်တကျ စွန့်ပစ်ရန်၊ ဈေးဆိုင်ဝန်းကျင်အား သန့်ရှင်းရေး အလေးထားဆောင်ရွက်ရန်၊ သားငါးများ မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးချိန်များတွင် လက်သန့်ဆေးရည်များဖြင့် သန့်ရှင်းရေးပြုလုပ်ရန်၊ သန့်ရှင်းလတ်ဆပ်မှု မရှိသော သားငါးရောင်းချခြင်းအား ရှောင်ကြဉ်ရန်တို့ကို ပညာပေးရှင်းလင်းဆွေးနွေးပြောကြားပြီး ဈေးသူဈေးသားများနှင့် ဈေးဝယ်လာ ပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပက်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Unicef တို့မှ ထုတ်ပြန်ထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)