ပွင့်ဖြူ ၁၆ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းပြီး ပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာဘေးကင်းလုံခြုံစေရေးအတွက် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချခြင်း မပြုရန် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ တရားမဝင် ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ ဦးဆောင်သော ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ဈေးကော်မတီအဖွဲ့ဝင်များက ပွင့်ဖြူမြို့မ စည်ပင်သာယာ ဈေး အတွင်း ၊ အပြင်ရှိ စားသောက်ကုန်ပစ္စည်းများ ရောင်းချနေသောအရောင်းဆိုင်များသို့ သွားရောက်ကာ ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများတွင် (Sodium Cyclamate) သတ်မှတ် ပမာဏထက် ကျော်လွန်ခြင်း၊ ခွင့်မပြုဆိုးဆေးပါဝင်ခြင်းများကြောင့် စားသုံးရန်မသင့်တော်သည့် စားသောက်ကုန်ပစ္စည်း အမျိုးအစား(၂၀)အား ရောင်းချခြင်းမပြုရန်၊ တရားမဝင် ရောင်းချနေမှုများတွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးချပြရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စားသုံးသူရေးရာတာဝန်ခံ ဦးအောင်ဖြိုးဝေနှင့် တာဝန်ရှိသူများသည် ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများတွင် ရောင်းချခြင်းမပြုရန် တားမြစ် ထားသော စားသောက်ကုန်ပစ္စည်းများနှင့် သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရဲဝင်းနိုင်(ပြန်/ဆက်)


