ပွင့်ဖြူ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့မဈေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပွင့်ဖြူမြို့မဈေး အတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ် ပြည်သူများကို တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်း မပြုရန်နှင့် ပလတ်စတစ်အစားထိုး ပစ္စည်းများဖြစ်သည့် ငှက်ပျောဖက် ၊ အင်ဖက် ၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချကြရန်၊ ပြည်သူများ အစားအစာဘေးကင်းလုံခြုံရေးအတွက် သန့်ရှင်းလတ်ဆတ်သော အသား/ငါး ၊ အသီးအရွက်နှင့် စားကုန်ပစ္စည်းများကို စနစ်တကျ ရောင်းချကြရန်နှင့် ဈေးဆိုင်ခန်းများဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ် ပြည်သူများကို သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး ပလတ်စတစ်ပစ္စည်း လျော့ချနိုင်ရေး အတွက် ပလတ်စတစ်ပစ္စည်း အစားထိုး အသုံးပြုနိုင်ရန် ငှက်ပျောဖက် ၊ အင်ဖက် ၊ ကြာဖက် ၊ စက္ကူတို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)


