ပွင့်ဖြူ ၁၆ ဧပြီ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်တွင် တစ်အိမ်တက်ဆင်း ပိုးသတ်ဆေးများ လိုက်လံပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သော ပိုးသတ်ဆေးများကို ပွင့်ဖြူမြို့နယ် သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးပရဟိတ အသင်းက ထောက်ပံ့ကူညီပေးခဲ့ပြီး ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထိန်ဝင်းအောင်၏ ဦးဆောင်မှုဖြင့် ရပ်ကွက်လူငယ်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ ရပ်ကွက်တွင်းလမ်းများနှင့် လူနေအိမ်များအား သွားရောက်ကာ ပြည်သူများ ပက်ဖျန်းပေးလိုသောနေရာများကို လိုက်လံပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့၌ အရှေ့ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်နှင့် သက်တော်ရှည်ရပ်ကွက် စုစုပေါင်း ရပ်ကွက် (၄)ရပ်ကွက်ရှိကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ မဖြစ်မနေသွားလာရသည့် ကိစ္စမှအပ အပြင်သွားလာခြင်းများ နည်းပါးလျက်ရှိကာ မိမိတို့နေအိမ်များတွင်သာ နေထိုင်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)