ပွင့်ဖြူ ၅ မတ်
ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပညာပေးဆွေးနွေးဟောပြောခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ အောင်မေတ္တာဓမ္မာရုံ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းနီနီဝင်း က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန် နည်းလမ်းများ၊ ရောဂါကူးစက်နိုင်မှု အခြေအနေများနှင့် သံသယလူနာများအကြောင်းကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်မြင့်မြင့်သန်း က ကိုရိုနာဗိုင်းရပ်စ်ရောဂါ မဖြစ်အောင် လူဦးရေထူထပ်သောနေရာများသို့ သွားရောက်ခြင်းများ ရှောင်ကြဉ်ရန်၊ မဖြစ်မနေ ခရီးသွားလာရာပါက ရောဂါမကူးစက် စေရန် နှာခေါင်းစည်း (Mask) များကို စနစ်တကျ တပ်ဆင်အသုံးပြု၍ သွားလာကြရန်၊ နှာချေခြင်းနှင့် ချောင်းဆိုးခြင်းများဖြစ်ပါက လက်ကိုင်ပဝါဖြင့် သေချာစွာအုပ်၍ ပြုလုပ်ဆောင်ရွက်ကြရန်၊ ကိုယ်ခံအားကောင်းမွန်ရေး အာဟာရရှိသော အစားအစာများကို ပုံမှန်စားသုံးနိုင်ရေး ပညာပေးဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက ပညာပေးဆွေးနွေးဟောပြောခြင်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး ပညာပေးလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (Mask) များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


