ပွင့်ဖြူ  ၂ ဇွန်       

 

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုး ၊ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဇွန် ၁ ရက် နံနက် ၉ နာရီက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး ပြုလုပ်ခဲ့သည်။ 

 

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး ၊ ဆေးတိုက်ကျွေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးများ လာရောက် ထိုးနှံတိုက်ကျွေးသည့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဉက္ကဌ ဒေါ်နန်းနီနီဝင်းနှင့် အသင်းအဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း ၊ လက်ဆေးဘေစင်တွင် စနစ်တကျ လက်ဆေးစေခြင်းနှင့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

 

ယင်းနောက် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဆရာမ ဒေါ်မြင့်မြင့်ဝင်း ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ရန်လာရောက်ပြသသည့် အသက်(၅)နှစ်အောက် ကလေးငယ်(၅၀)အား ဆုံဆို့၊ ကြက်ညှာ ၊ မေးခိုင် ၊ အသည်းအရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန် အဆုတ်ရောင် ရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ပြီး  ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

 

ပွင့်ဖြူမြို့၌ ယခုကဲ့သို့ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များရှိ ကလေးငယ်များ မကျန်ရှိစေ ရေးအတွက် တစ်ရက်လျှင် ဦးရေ (၅၀) နှုန်းဖြင့် အပတ်စဉ် ထိုးနှံတိုက်ကျွေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဆရာမ ဒေါ်လဲ့ရွှေစင် ထံမှ သိရသည်။

  

ရဲဝင်းနိုင် ( ညောင်ဦး )