ပွင့်ဖြူ၊  ၁၄  ဇွန်

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မိုးရာသီကာလ မြို့ပေါ်ရပ်ကွက်များနှင့် မြို့နှင့် နီးစပ်လျက်ရှိသော ကျေးရွာများမှ ဒေသခံပြည်သူများ၏ လယ်ယာမြေများတွင် ရေဝပ်မှုကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးမှု အန္တရာယ်ကင်းဝေးစေရေးအတွက် ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့ပတ်လမ်းပေါ်ရှိ ရေဆိုးထုတ် အုတ်ရေမြောင်းမှ ထွက်ရှိသော ရေများကို စနစ်တကျ စီးဆင်းနိုင်ရေးအတွက် စက်ယန္တရားတစ်စီးဖြင့် မြေသားရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယခုနှစ်တွင် မြို့တွင်းသန့်ရှင်းသာယာလှပစေရန်နှင့် မိုးရေတိုက်စားမှုကြောင့် မြို့တွင်းလမ်းများ ပျက်စီးမှုလျော့နည်းစေရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၈ ဒသမ ၅၀၀ သန်းဖြင့် ပွင့်ဖြူမြို့ပတ်လမ်း အရှည်ပေ ၉၆၀ အား အကျယ် ၅ ပေ၊ အနက် ၄ ပေ ၆ လက်မ ရေဆိုးထုတ် အုတ်ရေမြောင်း ပြုလုပ်ဆောင်ရွက်ခြင်းကို တက်လူထိပ် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရေဆိုးထုတ် အုတ်ရေမြောင်းမှာ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရေဆိုးထုတ်အုတ်ရေမြောင်းသည် မြို့တွင်းရှိ ရေများအားလုံးစီးဆင်းသည့် မြောင်းတစ်ခုဖြစ်ကာ ယင်းရေဆိုးထုတ်မြောင်းမှ ထွက်ရှိသောရေများကို မုန်းချောင်းအတွင်းသို့ စနစ်တကျ စီးဝင်နိုင်ရေးအတွက် စက်ယန္တရားတစ်စီးဖြင့် အရှည်ပေ ၁၅၀၀ အား မြေသားရေနုတ်မြောင်း တူးဖော်ဆောင်ရွက် ပေးနေကြောင်း သိရသည်။

 

ကျွန်တော်တို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ခွင့်ပြုငွေရရှိမှုအပေါ် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနှစ်မှာလည်း မြို့တွင်းကတ္တရာ ထပ်ပိုးလွှာခင်းလုပ်ငန်းတွေ၊ ရပ်ကွက်လမ်းတွေမှာ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေနဲ့၊ ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ယနေ့ဆိုရင်လည်း မိုးရာသီမှာ တစ်မြို့လုံးက စီးဝင်တဲ့ ပွင့်ဖြူမြို့ပတ်လမ်းပေါ်ရှိတဲ့ ရေဆိုးထုတ် အုတ်ရေမြောင်းက ထွက်ရှိတဲ့ ရေတွေကို မုန်းချောင်းအတွင်း စနစ်တကျ စီးဝင်နိုင်ရေးအတွက် အရှည်ပေ ၁၅၀၀ မြေသား ရေနုတ်မြောင်း တူးဖော်ခြင်းကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီရေနုတ်မြောင်း တူးဖော်ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နဲ့ နီးစပ်တဲ့ မင်းတဲကုန်းကျေးရွာ၊ လက်ခုပ်ကျေးရွာမှာရှိတဲ့ ဒေသခံတောင်သူများရဲ့ လယ်ယာမြေသီးနှံစိုက်ခင်းတွေကို ရေဝပ်မှုတွေ ကင်းဝေးသွားစေမှာ ဖြစ်ပါတယ် ဟု ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဆက်က ပြောသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)