ပွင့်ဖြူ ၄ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင် ပါဝင်သော ငါးမျိုးစပ် ကာကွယ်ဆေး စတင်ထည့်ကျွေးတိုက်နှံခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက် ဓမ္မာရုံ၌ ကျင်းပသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော လူတိုင်းသက်တမ်းစေ့ နေထိုင်သွားနိုင်ရန်နှင့် ရောဂါဘယကင်းဝေးစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးအတွက် ကူးစက်ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့ပြုလုပ်သည့် ပုံမှန်တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ရိုတာဗိုင်းရပ် (စ်) ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင် ပါဝင်သော ငါးမျိုးစပ် ကာကွယ်ဆေး (Penta -4) စတင်ထည့်သွင်း တိုက်ကျွေးခြင်းသည် မြို့နယ်အတွင်း ကလေးများ ရိုတာဗိုင်းရပ်(စ်)ကြောင့် ဖြစ်ပွားသော ဝမ်းပျက်ဝမ်းလျှော ရောဂါများနှင့် ဆုံဆို့- မေးခိုင် ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ် ကုသခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေး ဌာနခွဲများမှ တစ်ပြိုင်နက်တည်း တိုက်ကျွေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်က ပြောသည်။

ထို့နောက် ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ရိုတာဗိုင်းရပ် (စ်) ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင် ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (Penta -4) စတင်ထည့်ကျွေးတိုက်နှံခြင်း အခမ်းအနား ဆိုင်းဘုတ်အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဉက္ကဋ္ဌ ဒေါ်မော်မော်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ကျန်းမာရေးဝန်ထမ်းများမှ ရပ်ကွက်အတွင်းရှိ ကလေးများအား ကာကွယ်ဆေး တိုက်ကျွေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ကာကွယ်ဆေးလာရောက်တိုက်ကျွေးသည့် ကလေးများအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဉက္ကဋ္ဌ ဒေါ်မော်မော်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကာကွယ်ဆေး လာရောက်တိုက်ကျွေးသည့် ကလေးမိခင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင် ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (Penta -4) စတင်ထည့်ကျွေး တိုက်နှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်၏ ဦးဆောင်မှုဖြင့် ယခုလ (၁) ရက်နေ့မှ စတင်ကာ ကလေးအသက် (၂) လမှ (၄) လ အရွယ် ကလေးများကို ကာကွယ်ဆေးများ တိုက်ကျွေးဆောင်ရွက်ပေးလျက်ရှိပြီး တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် အသက်(၅)နှစ် အောက် ကလေးငယ် စုစုပေါင်း ၂၄၄၆ ဦးခန့် ရည်မှန်းဆောင်ရွက် တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)