ပွင့်ဖြူ ၈ မေ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ မေ ၈ ရက် နံနက်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်နန်းနီနီဝင်း ဦးဆောင်၍ အမျိုးသမီးရေးရာအဖွဲ့ဝင်များက အဝတ်နှာခေါင်းစည်းများချုပ်၍ အခမဲ့ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အဝတ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ပထမအကြိမ်အဖြစ် မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဖွင့်လှစ်ရောင်းချနေသော ယာယီပျံကျဈေးရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများ၊ မြို့ပေါ်ရှိ သီလရှင်ကျောင်းများသို့ သွားရောက်ပြီး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ မြို့နယ်အတွင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဝတ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးနိုင်ရေး ဒီနေ့မနက်ပိုင်းကစပြီး ချုပ်နေပါပြီ။ ကျွန်မတို့ချုပ်နေတဲ့ အဝတ်နှာခေါင်းစည်းတွေက လျှော်ဖွတ်ပြီး ပြန်သုံးလို့လဲရပါတယ်။ အရင်ဆုံးဖြန့်ဝေပေးမှာကတော့ မြို့နယ်ပြည်သူ့အားကစားကွင်းမှာ ဖွင့်လှစ်ရောင်းချနေတဲ့ ယာယီပျံကျဈေးသည်တွေနဲ့ ဈေးဝယ်လာပြည်သူများ၊ မြို့ပေါ်ကျောင်းတိုက်တွေက သီလရှင်ဆရာလေးတွေကို အခမဲ့ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ စုစုပေါင်း အဝတ်နှာခေါင်းစည်း အခု ၁၀၀ ချုပ်သွားမှာ ဖြစ်ပါတယ်။ နောက်ထပ်လဲ အဝတ်နှာခေါင်းစည်းများကို ချုပ်ပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ဖြန့်ဝေပေးသွားအုံးမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်နန်းနီနီဝင်းက ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)


