ပွင့်ဖြူ ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ မြို့နယ်အတွင်းရှိ တောင်သူများ နွေသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအထွက်နှုန်း ကောင်းမွန်စေရန်၊ လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဒေသခံတောင်သူများနှင့် ပူးပေါင်းပြီး ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းလုပ်ငန်းများ ကူညီဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း အဆိုပါ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးမည့် နွေစပါးစိုက်ဧက ၁၅၀၀၀ အပါအဝင် တစ်မြို့နယ်လုံး နွေစပါးစိုက်ဧက ၂၉၆၁၈ ဧက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကာ ဒေသခံတောင်သူများက နွေသီးနှံလျာထားဧက ပြည့်မီစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးများ စတင်စိုက်ပျိုး လျက်ရှိပြီး ဒေသခံတောင်သူများ နွေစပါးသီးနှံစိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်း တိုးတက်စေရေးအတွက် မြို့နယ်စက်မှု လယ်ယာဦးစီးဌာနက ဌာနပိုင် ကောက်စိုက်စက်များဖြင့် နွေစပါးများ ကူညီစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ် မုန်းမြင့်ကျေးရွာအုပ်စု၊ သမော်အင်း ကျေးရွာ ကွင်းအမှတ် ၈၇၂၊ ၈၇၃ ရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေများကို ဧပြီ ၉ ရက် နံနက်ပိုင်းက ကောက်စိုက်စက်ဖြင့် နွေစပါးသီးနှံစိုက်ပျိုးပေးခြင်းကို ကူညီစိုက်ပျိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ အများဆုံး စိုက်ပျိုးသည့် စပါးမျိုးများမှာ ရတနာတိုးနှင့် မနောသုခစပါးမျိုးများကို အဓိကစိုက်ပျိုးစိုက်ပျိုးကြကြောင်းလည်း သိရသည်။
အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးရခြင်း၏ ရည်ရွယ်ချက်မှာ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာ၌ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုစိုက်ပျိုးခြင်းဖြင့် စိုက်နည်းစနစ်မှန်ကန်ပြီး သီးနှံအထွက်နှုန်း ကောင်းမွန်စေခြင်း၊ လုပ်အားခသက်သာစေခြင်း၊ လုပ်သားရှာဖွေရသည့် အခက်အခဲများ ပြေလျော့ သက်သာစေခြင်း၊ လုပ်ငန်းခွင်တွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်း၊ သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာ လိုအပ်ခြင်း၊ ပျိုးပင်များ ပြုစုထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း၊ ပျိုးပင်များ နုတ်ယူရန် မလိုအပ်၍ အချိန်ကုန် လူပင်ပန်းသက်သာစေခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များ ရရှိခြင်း၊ ကောက်ပင်လှန်ရက် စောင့်ဆိုင်း ရန် မလိုခြင်း၊ လေဝင်လေထွက်ကောင်းပြီး ကောက်ကွက်ဝင်ဆန့်မှု တိကျမှုမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်း ကောင်းမွန်စေခြင်း၊ စပါးရိတ်သိမ်းခြွေလှေ့စက်များ အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်၍ ဒေသတွင်းရှိ တောင်သူများ လယ်ယာသုံးစက်ကိရိယာများ၏ အသုံးဝင်မှုကို ကောင်းစွာသိရှိပြီး တွင်ကျယ်စွာ အသုံးပြုစိုက်ပျိုးနိုင်ရန် ရည်ရွယ်စိုက်ပျိုးရခြင်းဖြစ်ကြောင်း အဆိုပါ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)