ပွင့်ဖြူ၊ ၂၈ ဒီဇင်ဘာ
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျရောက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမဆောင် အဆောက်အအုံသစ်ဖွင့်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၈ နာရီက ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ဖွင့်လှစ်ပေးသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမဆောင် အဆောက်အအုံသစ်အား မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်၊ မြို့မမြို့ဖ ဦးနိုင်ချိုနှင့် ဦးဝင်းမြင့်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဗိုလ်ဥတ္တမခန်းမဆောင်သစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် တိုင်းဒေသကြီးအတွင်း ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်းက တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြို့မိမြို့ဖများအနေဖြင့် မိမိတို့မြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားပြီး ဗိုလ်ဥတ္တမခန်းမဆောင် အဆောက်အဦသစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို တာဝန်ယူဆောက်လုပ်သည့် ကျော်သာဆောက်လုပ်ရေးကုမ္ပဏီမှ Project Manger ဦးကျော်ဆွေက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက် ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာမှ တောင်သူ(၈၈)ဦးအား စိုက်ပျိုးရေးလုပ်ငန်းအဆင်ပြေစွာ လုပ်ကိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသည့် လယ်ယာမြေပုံစံ(၇)များနှင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ကံလှကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် အိမ်ဝိုင်းမြေများ ပြောင်းရွှေ့သည့်နေရာတွင် ကျေးရွာတွင်းလမ်း ဖောက်လုပ်ရန်အတွက် ထောက်ပံ့ငွေကျပ် ၆၇၀၀၀၀၀ တို့ကို ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၁)ဘာသာဂုဏ်ထူးနှင့် ရိုးရိုးအောင်မြင်သူ ဝန်ထမ်းသားသမီး(၂)ဦးအား ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်က ဗိုလ်ဥတ္တမခန်းမဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့သည်။
ယခု ဆောက်လုပ်ပြီးစီးသည့် ဗိုလ်ဥတ္တမခန်းမဆောင်သစ်မှာ အလျား ၁၀၀ ပေ၊ အနံ ၄၀ ပေ၊ အာရ်စီတစ်ထပ် အမျိုးအစားဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၀၄ ဒသမ ၅၂၈ သန်းဖြင့် ကျော်သာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ၍ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လဆန်းပိုင်းက စတင်တည်ဆောက်ခဲ့ကာ ယခုလဆန်းပိုင်းတွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


