ပွင့်ဖြူ ၁၃ မတ်
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးတေဇနိယ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သင်ကြားပေးနေသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ဆရာ၊ ဆရာမများ ၊ ကျောင်းသား/ကျောင်းသူများနှင့် ဝေယျာဝစ္စ ကူညီဆောင်ရွက် ပေးကြသူများ အတွက် စားနပ်ရိက္ခာ ဖူလုံစေရန် ရည်ရွယ်၍ မတ် ၁၁ ရက် ၊ နံနက် ၁၀ နာရီက ထိုင်ဝမ်မှ မစ္စတာကော (ပြည့်ပြည့်ဝဝ ကုမ္ပဏီ) မိသားစုက ဆန်အိတ်အလုံး ၃၀ဝ လာရောက် လှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ပေတောကျောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာမကြီး ဒေါ်ခိုင်အေး ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် ယခုအခါ နိုင်ငံတော်အစိုးရ၏ အသိအမှတ်ပြု ဖွင့်လှစ်ထားသည့် ကျောင်းတစ်ကျောင်းဖြစ်ပြီး ကျောင်းဖွင့် နှစ်ပေါင်း ၂၃ နှစ် ရှိသွားပြီဖြစ်ကြောင်း ၊ အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယခုလက်ရှိ ကျောင်းသားဦးရေ KG - တန်းမှ ဒသမတန်းအထိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀ဝ ဦးခန့် ပညာသင်ကြားပေးလျက်ရှိကြောင်း ၊ ပညာသင်ကြားရေးအပိုင်းတွင် KG - တန်းမှ သတ္တမတန်းအထိ ကျောင်းသားကျောင်းသူများကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ သင်ကြားပို့ချပေးပြီး အဌမတန်းမှ ဒသမတန်းအထိ ကျောင်းသားကျောင်းသူများကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ထောက်ပံ့မှု အစီအစဉ်ဖြင့် အခြားဘော်ဒါဆောင်များသို့ ပို့ဆောင်ပြီး ပညာသင်ကြားခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )