ပွင့်ဖြူ ၃ ဩဂုတ်

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်နှင့် လုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့သက်သာစေရေးအတွက် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း ဝန်ဆောင်မှုလုပ်ငန်းကို ဩဂုတ် ၂ ရက် နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ ကွင်းအမှတ်(၈၉၄) တောင်သူဦးစောညို၏ မိုးစပါးစိုက်လယ်မြေ (၃)ဧကတွင် ကောက်စိုက်စက်ဖြင့် ဧရာပဒေသာမျိုးစပါးများ စိုက်ပျိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ တောင်သူသီးနှံဝင်ငွေ တိုးပွားကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် ဒေသခံတောင်သူများ လုပ်သားရှားပါးမှုကြောင့် တွေ့ကြုံရသည့်အခက်အခဲများ ပြေလျော့သက်သာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စက်မှုလယ်ယာစနစ်၏ အကျိုးကျေးဇူးများကို တောင်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် တောင်သူပညာပေး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲများကို အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  ထို့အပြင် ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူအသုံးပြုလိုသူများကိုလည်း သက်ဆိုင်ရာ လယ်ယာစက်ကိရိယာ ရောင်းဝယ်ရေး ကုမ္ပဏီများနှင့် ချိတ်ဆက်၍ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ လယ်ယာသုံး စက်ကိရိယာများ ချွတ်ယွင်းပျက်စီးပါက ပြန်လည်ပြုပြင် ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ ပွင့်ဖြူမြို့၊ အမှတ်(၄၆) စက်မှုလယ်ယာစခန်းအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေ မိုးစပါးစိုက်ပျိုးရာသီမှာ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေဖို့နဲ့ လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေရေးအတွက် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါတယ်။ မနေ့ကဆိုရင် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ ကွင်းအမှတ်(၈၉၄) တောင်သူ ဦးစောညို၏ မိုးစပါးစိုက်လယ်မြေ(၃)ဧကကို ကောက်စိုက်စက်ဖြင့် ဧရာပဒေသာ မျိုးစပါးစိုက်ပျိုးခြင်း ဝန်ဆောင်မှုကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလိုမျိုး ဆောင်ရွက်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် လုပ်အားခ ကုန်ကျစရိတ် သက်သာစေခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးစေခြင်း၊ လုပ်သားရှားပါးမှုပြဿနာများ ဖြေလျော့ပေးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ စိုက်နည်းစနစ်မှန်ကန်စေခြင်း၊ သက်တောင့်သက်သာ စိုက်ပျိုးနိုင်ခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များ ပြုစုထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း၊ ပျိုးပင်များ နုတ်ယူရန် မလိုအပ်ခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန် မလိုအပ်ခြင်း၊ လေဝင်လေထွက် ကောင်းပြီး ကောက်ကွက်ဝင်ဆံ့မှု တိကျမှန်ကန်ခြင်း၊ ပေါင်းရှင်းကိရိယာအသုံးပြု၍ ပေါင်းရှင်းသမန်နိုး ဆောင်ရွက်နိုင်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး အရည်အသွေးမှီသော သီးနှံအထွက်နှုန်းတိုးတက်ရရှိခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော စပါးခင်းအား စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် လွယ်ကူစွာ ရိတ်သိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို တောင်သူများ သိရှိလိုက်နာနိုင်ရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့ အမှတ်(၄၆) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စန်းက ပြောသည်။

 

ရဲဝင်းနိုင် (ပြန်/ဆက်)

 

mdn