ပွင့်ဖြူ ၁၀ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် ယနေ့  နံနက် ၅ နာရီခန့်က လူနေအိမ်တစ်လုံး မီးဖိုချောင်အတွင်း မီးမွှေးရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၅ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာနေ ဦးလှမောင်သည် နံနက်ခင်း မီးဖိုချောင်အတွင်း မီးမွှေးရာမှ အနီးရှိ ထရံအကာအား မီးကူးစက်လောင်ခဲ့ကြောင်း သိရပြီး အဆိုပါ မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟနှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ ဝိုင်းဝန်းပူးပေါင်း၍ ငြှိမ်းသတ်ရာ နံနက် ၅ နာရီ ၅ မိနစ် ခန့်တွင် မီးထိန်းနိုင်ခဲ့ကာ နံနက် ၅ နာရီ ၆ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုကြောင့် (၁၂ ပေ × ၁၂ ပေ) လူနေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်နေစဉ် ဦးလှမောင် သည် နေအိမ်ပြင်ပသို့ ထွက်မပြေးနိုင်ဘဲ မီးလောင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ ကြောင်း သိရသည်။

ရဲဝင်းနိုင်(ပြန်/ဆက်)