ပွင့်ဖြူ မတ် ၃၀
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ တိုင်းဒေသကြီး / ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ မတ် ၂၉ ရက်က ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မီနီဘတ်ဂျတ် ရန်ပုံငွေ ကျပ် ၂၄၅ သန်းဖြင့် ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ်သရုပ်ပြပုံစံ ဆောက်လုပ်ခြင်းလုပ်ငန်း ရေစစ်ကန်၊ ဂိုဒေါင်၊ ရေသွယ်မြောင်း၊ ငါးကန်များ ဆောင်ရွက်နေမှုများကို ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ တင်ဒါအောင်မြင်သည့် စေရာအားမာန်ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အင်းလုပ်ငန်းရှင်များကို လိုအပ်သော နည်းပညာများ ပံ့ပိုးကူညီပေးရန် မှာကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမြို့၊ အမှတ်(၄)အထည်စက်ရုံမှ ပြန်လည်စွန့်လွှတ်ခဲ့သည့် မြေဧက ၂၉၂ ဧကပေါ်တွင် မွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်မည့်နေရာနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအနီး ပွင့်ဖြူ - မင်းဘူး ကားလမ်းဘေး ကွင်းအမှတ်(၉၁၀) လယ်မြေအတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ နွေနှမ်းစိုက်ပျိုးရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ၂၀၂၁ - ၂၀၂၂ နွေသီးနှံ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေအား ကွင်းဆင်း စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)


