ပွင့်ဖြူ ၁၀ နိုဝင်ဘာ     

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအုပ်စု၊ ဂွေ့ကျေးရွာမှ ဒေသခံပြည်သူများ ၂၄ နာရီ လျှပ်စစ်မီး အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို ယနေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲ ဆိုင်းဘုတ်အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှဌေးမောင် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်မီးလင်းရေး အစရှိသည့် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် နိုင်ငံတော်အား အခွန်အခများ တာဝန်ကျေစွာ ပေးဆောင်ဖို့လိုကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်၌ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် လွန်စွာအရေးကြီးပါကြောင်း၊ ယခု ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းသည် ပြည်သူများ၏ အခွန်ဘဏ္ဍာငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ကျေးရွာနေ ပြည်သူများအနေဖြင့် မိမိတို့ကျေးရွာအတွက် ရရှိလာသည့် လျှပ်စစ်မီးအား  ကျေးရွာဖွံ့ဖြိုးရေးအတွက် အကျိုးရှိရှိ အသုံးချ ဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။  

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်   ဦးတင့်ဆန်း တို့က မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ များကို လည်းကောင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် က ကျေးရွာနေပြည်သူများ လျှပ်စစ်မီးသုံးစွဲရာတွင် အန္တရာယ်ကင်းဝေးစေရေး သိရှိလိုက်နာရမည့် လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း  အသီးသီး ရှင်းလင်းဆွေးနွေး ပြောကြားပြီး ကုန်းဇောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအုပ်စု ဂွေ့ကျေးရွာသည် အိမ်ခြေ ၂၂၀ ခန့်ရှိပြီး ကျေးရွာနေပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း သိရသည်။ ကျေးရွာနေပြည်သူများ (၂၄)နာရီ လျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏  ခွင့်ပြုရန်ပုံငွေဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း အရှည်ပေ ၄၇၅၀ တပ်ဆင်ခြင်း၊ ၂၀၀ KVA ထရန်စဖော်မာတစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်းတပ်ဆင်ခြင်းလုပ်ငန်းအား ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် သိန်း ၃၃၀ အကုန်အကျခံ၍ လျှပ်စစ်မီးလင်းရေးလုပ်ငန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    

ရဲဝင်းနိုင် ( ညောင်ဦး )